နိုင်ငံပိုင် သတင်းဌာနတွေ၊ အဖွဲ့အစည်းတွေကအစ မှားကြတဲ့စကားလုံးဖြစ်ပါတယ်။ နိုင်ငံတစ်လွှား၊ ကမ္ဘာတစ်လွှားဆိုတဲ့ အဓိပ္ပာယ်ကိုပြောချင်တဲ့အခါ ‘နိုင်ငံတစ်ဝှမ်း၊ ကမ္ဘာတစ်ဝှမ်း’ လို့ သုံးကြတယ်။ တစ်ချိန်က ကြားဖူးကြမှာပါ။ “နိုင်ငံတစ်ဝှမ်း၊ သစ်တောစွမ်းဖြင့်၊ စိမ်းလန်းစေရမည်” တဲ့။ ‘ဝှမ်း၊ စွမ်း၊ လန်း” ကာရန်ကိုက်။ ရုပ်သံကြည့်ကြည့်၊ သစ်ပင်ကြည့်ကြည့် မပါမပြီးဆောင်ပုဒ်။ ဒါပေမဲ့ ‘တစ်ဝှမ်း’ ဆိုတာကြီးက မှားနေတယ်။
(၂၀၁၅)နောက်ပိုင်းထင်ပါရဲ့။ ‘တစ်ဝှမ်း’ ကမှားတယ်လို့ ပညာရှင်တချို့ ထောက်ပြတယ်။ ‘တစ်ဝန်း’ လို့ရေးမှမှန်တယ်တဲ့။ ဒါနဲ့ “နိုင်ငံတစ်ဝန်း၊ သစ်တောစွမ်းဖြင့်၊ စိမ်းလန်းစေရမည်” ဖြစ်ကုန်တယ်။ ကာရန်လဲပျက်ရှာပေါ့။
အဲမှာပိုဆိုးသွားတယ်။ ‘တစ်ဝန်း’ လဲမှားတာပဲ။ အမှန်ထင်ပြီး သတင်းဌာနတချို့ သုံးကြတယ်။ တချို့မသုံးဘူး။ ဒါနဲ့ ‘တစ်ဝှမ်း’ နဲ့ ‘တစ်ဝန်း’ အမှားနှစ်ခုလုံး တွင်ကျယ်ကုန်တယ်။ ဒါဖြင့် ဘယ်ဟာအမှန်လဲဆိုရင် ‘တစ်ဝှန်း’ ကအမှန်ပါ။ နိုင်ငံတစ်လွှား၊ ကမ္ဘာတစ်လွှားကိုပြောချင်ရင် ‘နိုင်ငံတစ်ဝှန်း၊ ကမ္ဘာတစ်ဝှန်း’ လို့သုံးရပါမယ်။
တစ်ဝှမ်း (မှား)
‘ဝှမ်း’ ဆိုတာ ချိုင့်တာ၊ နိမ့်တာကို ပြောတာပါ။ ဥပမာ - ချိုင့်ဝှမ်း၊ မြစ်ဝှမ်း၊ ကျယ်ဝှမ်း စသဖြင့်သုံးပါတယ်။ (ကျယ်ဝှမ်းနဲ့ ကျယ်ဝန်း နှစ်ခုရှိပါတယ်။ အဓိပ္ပာယ်မတူပါ။) 'နိုင်ငံတစ်ဝှမ်း' ဆိုရင် 'နိုင်ငံရဲ့ ချိုင့်တဲ့နေရာ' လို့ အနက်ရပါမယ်။
တစ်ဝန်း (မှား)
‘ဝန်း’ ဆိုတာ ပတ်လည်ရံတာ၊ လုံးဝိုင်းတာပါ။ ပတ်ဝန်းကျင်၊ ထက်ဝန်းကျင်၊ လပြည့်ဝန်း၊ ဝန်းရံ၊ ကျယ်ဝန်း စသဖြင့်ပေါ့။ ဒါ့ကြောင့် မင်းကွန်းဆရာတော်ကြီးက အရပ်ဆယ်မျက်နှာမေတ္တာပို့မှာ ဘေးပတ်ပတ်လည်ဆိုတဲ့ အဓိပ္ပာယ်ရောက်အောင် ‘ထက်ဝန်းကျင် အနန္တစကြဝဠာ’ လို့ဟောခဲ့တာ ဖြစ်ပါတယ်။ ‘ထက်ဝန်းကျင်’ ရဲ့အနက်ကိုလဲ ရှင်းလင်းပြခဲ့ပါသေးတယ်။
ဒါ့ကြောင့် ‘နိုင်ငံတစ်ဝန်း’ မှမှန်တယ်ပြောတဲ့ ပညာရှင်များ ပြန်သုံးသပ်သင့်ပါတယ်။ ‘နိုင်ငံတစ်ဝန်း’ လို့ပြောရင် နိုင်ငံတစ်လွှားလို့ အဓိပ္ပာယ်မရပါဘူး။ ‘ဝန်း’ ဆိုတာ ပတ်ဝန်းကျင်ဖြစ်လို့ ‘နိုင်ငံ၏ ဘေးပတ်ပတ်လည်’ လို့အဓိပ္ပာယ်ရပါလိမ့်မယ်။ ‘မြန်မာနိုင်ငံတစ်ဝန်း’ ဆိုရင် ယိုးဒယား၊ အိန္ဒိယ စတဲ့ တိုင်းပြည်တွေဖြစ်ကုန်မှာပါ။
တစ်ဝှန်း (မှန်)
‘ဝှန်း’ ဆိုတာလွှမ်းမိုးတာပါ။ နိုင်ငံတစ်ခုလုံးကို လွှမ်းမိုးခြုံငုံပြီးပြောချင်ရင် ‘နိုင်ငံတစ်ဝှန်း’ လို့ပြောမှမှန်ပါတယ်။ ကမ္ဘာဆိုလဲ ကမ္ဘာတစ်ဝှန်းပေါ့။ ဥပမာ - သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှန်း ကျင်းပသည်။ ကမ္ဘာတစ်ဝှန်း ကိုဗစ်ရောဂါ လျော့ပါးပြီ။ စသဖြင့်သုံးရပါမယ်။
ဒီခေတ်မှာ ‘ဝှန်း’ အသုံးနည်းလာပြီ။ ဒါပေမဲ့ ကြားနေရတုန်းပါပဲ။ ဥပမာ - ရတနာပုံသီချင်းမှာ ‘ကျွန်းလက်ျာ၊ ပြည်အဝှန်းသို့၊ ရည်ညွှန်းစို့၊ စည်ရွမ်းစို့၊ ဆုသွန်းမင်္ဂလာ၊ ဆင်ကာရတနာပုံ’ လို့ပါတယ်။ အဓိပ္ပာယ်က ‘ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်းတစ်ခုလုံးစာ ရည်ရွယ်ပြီး ဆုသွန်းစည်တီးတာ’ ဖြစ်ပါတယ်။ (ဒါက ရွှေပြည်အေးရဲ့သီချင်းကို အေဝမ်းတင်မောင်အဖွဲ့ဆိုတဲ့ မူရင်းစာသားပါ။ မြန်မာပြည်သိန်းတန် ပြန်ဆိုတော့ စာသားများစွာမှားခဲ့ပါတယ်။)
လယ်တီဆရာတော်ရေးတဲ့ ခုနစ်နေ့ဘုရားရှိခိုးမှာလဲ ‘ဝှန်း’ ပါပါတယ်။ ‘ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို’ တဲ့။ စကြဝဠာတိုက်ပေါင်း သောင်းချီတာကို ဆိုလိုတာဖြစ်ပါတယ်။
ဒါ့ကြောင့် လူထုတစ်ဝှန်းကို အရေးနဲ့အပြောမှာ လွှမ်းမိုးမှုရှိတဲ့ စာပေ၊ မီဒီယာနဲ့ အနုပညာနယ်ပယ်စုံက ပုဂ္ဂိုလ်များအနေနဲ့ အမှားကိုပြင် အမှန်ကိုထင်စေဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကောလိယ ဝေယံမောင်မောင်
၁၈.၉.၂၀၂၃
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်
Comments
Post a Comment