ကျွန်တော်ငယ်ငယ်က မြန်မာစာတော်လွန်းသလောက် အင်္ဂလိပ်စာသိပ်ညံ့ခဲ့တာ။ ဖေဖေက အင်္ဂလိပ်ဆရာ၊ မေမေက မြန်မာစာဆရာဆိုပေမဲ့ မိဘတွေစာသင်ရင် ရှောင်ပြေးတတ်သူပေါ့။ အင်္ဂလိပ်စာညံ့တာက ဆယ်တန်းရောက်တော့ ပြဿနာကြီးတစ်ခု ဖြစ်လာတယ်။ ကျမှာသေချာတယ်ဆိုတဲ့အတွေးက ဆယ်ပေါင်တူလို ဖိစီးထားတယ်။
ဇာတ်ညွှန်းတစ်ခုကို နမူနာကြည့်ရင် ပြဿနာကြုံပြီးရင် အဖြေဆိုတာ လာစမြဲပဲ။ အဖြေ...။ ဒီအဖြေက မယုံကြည်နိုင်အောင် အံ့မခန်းစွမ်းအားရှင် ကျွန်တော့်ရဲ့ ကျေးဇူးရှင်ဆရာကြီး ဦးဇော်မြင့်ပါ။
ဘယ်လိုအံ့မခန်းလဲဆိုရင်။ အင်္ဂလိပ်စာမှာ Letter and Essay (ပေးစာနဲ့ စာစီစာကုံး) ဖြေရတယ်။ ဒါက အမှတ်အများဆုံးအပိုင်းမို့ အအောင်အရှုံး အဆုံးအဖြတ်ပေးတယ်။ အဲ့အရွယ်မှာ ကျွန်တော့်အတွက်အခက်ဆုံးက အဲနှစ်ခုပါ။
ဂုဏ်ထူးထွက်ချင်တဲ့သူတွေက ကောင်းနိုးရာရာ စာအုပ်တွေထဲက Letter ဘယ်နှပုဒ်တောင်ကျက်တယ်၊ Essay ဘယ်နှပုဒ်တောင်ကျက်တယ်တဲ့။ အလွတ်ကျက်ပညာရေးစနစ်ကိုး။ ကျွန်တော့်မှာဖြင့် လေးငါးဆယ်ပုဒ်မပြောနဲ့ နှစ်ပုဒ်သုံးပုဒ်တောင် မကျက်နိုင်ပါဘူး။ သီကုံးရေးသားဖို့ဆိုတာ ဝေးစွ။
ဒါနဲ့ ဆယ်တန်းစာမေးပွဲကြီးနီးလာတော့ ဆရာကြီး ဦးဇော်မြင့်က အတန်းမှာပြောတယ်။ "ဆရာ အရင့်အရင်နှစ်တွေတုန်းကလဲ စာမေးပွဲနီးရင် ညမှာ ဘုရားအဓိဋ္ဌာန်ပြီး Letter နဲ့ Essay ဘာမေးမလဲ မေးခွန်းအာရုံခံတယ်" တဲ့။ "မင်းတို့နှစ်မှာလဲ အဓိဋ္ဌာန်ပြီးပြန်ပြောမယ်" တဲ့။
တစ်ရက် ဆရာအတန်းထဲဝင်လာတယ်။ စကားသံတိတ်ဆိတ်လို့။ ကျောက်သင်ပုန်းဆီတန်းသွားပြီး စာနှစ်ကြောင်းရေးလိုက်တယ်။ "အဲဒါ စာမေးပွဲမှာပါမဲ့ Letter နဲ့ Essay ပဲတဲ့။ ဒါနဲ့ ကျွန်တော်အပါအဝင် စာတော်၊ သင့်တင့်၊ စာညံ့ကျောင်းသားမကျန် ရေးကျင့်ကြ၊ ကျက်ကျင့်ကြပေါ့။
မတ်လစာမေးပွဲကြီးက အင်္ဂလိပ်စာနေ့ရောက်လာပြီ။ အခန်းစောင့် ဆရာမက မေးခွန်းစာရွက်ကို လိုက်ဝေနေပြီ။ ကျွန်တော်က အနောက်တန်းလောက်မှာမို့ စာရွက်က ချက်ချင်းရောက်မလာဘူး။ ဘုရား ဘုရား ....။ ရင်တွေတုန်လိုက်တာ။ ဖတ်ခနဲ နောက်စာမျက်နှာလှန်တော့ ကျွန်တော်တွေ့လိုက်ရတယ်။ ဘုရားရေ ... ဆရာပေးတဲ့နှစ်ပုဒ်လုံး ကွက်တိပါလား။
ဆရာကြီးက မေးခွန်းပေါက်တယ်များ ထင်ရော့လား။ မဟုတ်ဘူး။ ကျွန်တော်တို့ခေတ်က မြန်မာပြည်မှာ တိုင်းနဲ့ပြည်နယ်အလိုက် မေးခွန်းချင်း မတူဘူး။ ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ် ဘာမေးမယ်ဆိုတာ ဘယ်ဆရာမှ မသိရဘူးလေ။
ဪ...။ ဆရာကျေးဇူးနဲ့ ကျွန်တော်ဆယ်တန်းအောင်ခဲ့ပြီ။ ဆရာ့ကျေးဇူးက ဒီလောက်တင်မဟုတ်။ ဆရာ့ဂုဏ်ရည်က ဒီလောက်တင်မဟုတ်ပါဘူး။ ဖော်ပြမကုန်ဘူး။
• ဆရာဟာ ကျွန်တော်တို့ ဆယ်တန်းမတက်မီက နှစ်ကျကျောင်းသားတွေချည်း စုပြီး အောင်ချက်ကောင်းအောင် သင်ပေးခဲ့သူ။
• ဆရာဟာ အင်္ဂလိပ်ကဗျာတွေကို တတ်လွယ်အောင် သီချင်းလုပ်ဆိုပြီး သင်ခဲ့သူ။ ဥပမာ Henry Cuyler Bunner ရေးတဲ့ The Heart of the Tree ဆိုတဲ့ကဗျာဟာ ABCD သီချင်းကိုဆိုသလို ဆိုသင်ပေးသူ။
• ဆရာဟာ 'နန်းဘုံသီဟာဘွေ' ကပီယိုးဒယားသီချင်းကိုလဲ ကျွန်တော်တို့တွေ ဆိုတတ်အောင် သင်ပေးခဲ့သူ။
• ဆရာက အင်္ဂလိပ်ဆရာပေမဲ့ ဓာတုဗေဒက Periodic Table ခေါ်တဲ့ ဒြပ်စင်ဇယားကို စိတ်ဝင်စားအောင် ရှင်းပြနိုင်ခဲ့သူ။
• ဆရာဟာ နန်းတော်ရှေ့ဆရာတင်ရဲ့ 'အောင်ပင်လယ်' သီချင်းနဲ့ ကောင်းကောင်းကခဲ့သူ။
• ဆရာဟာ အချက်အပြုတ်ပိုင်ပြီး ဆရာ၊ ဆရာမတွေကို လက်ရာကောင်းကောင်း အသုပ်သုပ်ကျွေးသူ။
• ဆရာဟာ တပည့်ကောင်းတစ်ဦးပီပီ သူတက်ခဲ့တဲ့ မန္တလေးအမျိုးသားကျောင်းရဲ့ အာစရိယပူဇော်ပွဲကို ဦးဆောင်ခဲ့သူ။
• ဆရာဟာ ကျောင်းသားတွေ ငိုက်ဖို့ပျင်းဖို့ဝေးစွ စာသင်ချိန်ကုန်သွားမှာစိုးလောက်အောင် ဗဟုသုတတွေ၊ ရယ်မောစရာတွေ ပြောပြတတ်သူ။
• ဆရာဟာ သုံးနိုင်ပါလျက် လွယ်အိတ်နွမ်းနွမ်း၊ ဦးထုပ်နွမ်းနွမ်းတစ်လုံးနဲ့ ရောင့်ရဲတတ်သူ။
• ဆရာဟာ အလိုလိုက်ပြီဆိုလဲ ကမ်းကုန်သလို ဆုံးမပြီဆိုလဲ အခြွင်းမချန်တတ်သူ။
• ဆရာဟာ သူ့မိတ်ဆွေတွေကိုကူညီဖို့ လူမိုက်ယောင်ဆောင်ပြီး သူတို့ကိုယ်စား အကြွေးတောင်းပေးဖူးသူ။
• ဆရာဟာ ကျွန်တော့်ပို့စ်တွေမှာ ဆုတောင်းချီးမြှင့်ပြီး အားပေးစကားရေးတတ်သူ။
• ဆရာက အစာအိမ်ကင်ဆာနဲ့ ကီမိုဆေးတွေ အလူးအလဲသွင်းနေရတဲ့ကြားက သူ့ကိုကန်တော့သူ လှူသူတွေကို ဝတ္တရားမပြတ် ကျေးဇူးတင်လွှာရေးတတ်သူ။
အခုတော့ ဆရာကြီးအကောင့်က ဘယ်တော့မှလဲ မီးစိမ်းလင်းတော့မှာ မဟုတ်သလို ဆရာကြီးရဲ့ ဆုံးမစကားတွေကိုလဲ ဘယ်တော့မှ မကြားနိုင်တော့ပါဘူး။ ဆရာ့တပည့်ဟာ ဆရာ့အပေါ်မှာ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ တစ်ခါမှမပစ်မှားခဲ့ဖူးလို့ ခွင့်လွှတ်ပေးဖို့ မတောင်းပန်တော့ပါဘူး။ ဒီလိုမပစ်မှားဖူးတဲ့ အကျိုးကုသိုလ်ကို သစ္စာပြုပြီး ဆရာကြီး သုဂတိကောင်းမှာ အဆင်ပြေဖို့ပဲ ဆုတောင်းပါရစေ။
ဆရာဖြစ်လာတဲ့ တပည့်လေးကျွန်တော် ဆရာ့ထက်တော်တဲ့၊ ဆရာ့ထက်ကောင်းတဲ့ ဆရာတစ်ဦးဖြစ်လာဖို့ ကြိုးစားမယ်လို့ ကတိပေးပါတယ်။
(ပို့စ်အဆုံးမှာ ကျွန်တော် ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူဖြစ်သွားချိန် ဆရာကြီးကို ၂၀၂၃ မှာ အင်တာဗျူးတုန်းက ဗီဒီယိုကိုထည့်ပေးထားပါတယ်။)
တပည့်ကလေး
ကောလိယ ဝေယံမောင်မောင်
၁၈.၉.၂၀၂၃


Comments
Post a Comment