ကျောက်သင်ပုန်း

မြန်မာပြည်မှာ ကျောက်သင်ပုန်းကို (၁၉၄၅)မှာ ဦးအောင်သိန်းက ထွင်ခဲ့သတဲ့။ မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ မုဒွန်းရွာမှာ ဘီလူးမတောင်ရှိတယ်။ သူက စမ်းချောင်းထဲက ကျောက်လွှာကို သံချွန်နဲ့ခြစ်ပြီး သင်ပုန်းလုပ်သတဲ့။ နောက် လူတိုင်းလုပ်ကြရင်း (၁၉၅၀)မှာတော့ ကျောက်တွေခွာမရတော့ဘဲ တွင်းတူးယူရတော့တယ်။


ကျောက်တူးသမားတွေက တောင်ပေါ်တက်၊ တချို့ဆို ပေ(၂၀၀)လောက်ရှိတဲ့ ဆင်ခြေလျှောတွင်းထဲဆင်းပြီး တူးကြရတယ်။ အောက်စီဂျင်ရမရ သိရအောင် တူးတဲ့နေရာတစ်ဝိုက် ဖယောင်းတိုင်ထွန်းထားရတယ်။ ရေတွေလဲ စိမ့်ဝင်နေလို့ စက်နဲ့စုပ်ထုတ်ရ ပြန်ပါတယ်။

ကျောက်တွေ အတုံးလိုက်တူးတင်၊ ခွဲခြမ်း၊ သယ်ယူ၊ ရွေပေါ်ထိုး၊ ကတ်ကြေးနဲ့ညှိ၊ စက်နဲ့အချောသတ်၊ ရေဆေး၊ နေလှန်း၊ ဆေးသုတ်၊ အခြောက်ခံ၊ ဘောင်သွင်း၊ ကော်ပတ်ကိုင်၊ ဘေးဘက်လေးတန် စို့ရိုက်ပြီးမှ ရောင်းရပြန်တယ်။ ကျောက်တံကလဲ အဲဒီကျောက်ပဲ။ ဒါပေမဲ့ သက်နုကျောက်ပွမှ ရေးလို့ကောင်းတာ။

ကျွန်တော်တို့ခေတ်မှာတော့ Slate Board လို့ခေါ်တဲ့ ကျောက်သင်ပုန်းတွေ မရှိတော့ဘဲ တက်ဘလက်တွေသာ နေရာယူလာတော့တယ်။ ဘီလူးကျွန်းက ကျောက်သင်ပုန်းတွေဟာလဲ ဒီခေတ်မှာ အမှတ်တရသုံးဖို့သာ ကျန်ပါတော့တယ်။

ကောလိယ ဝေယံမောင်မောင်
၂.၁၁.၂၀၁၇

ဓာတ်ပုံ နေကာရံကို ကျေးဇူးတင်လျက်

#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#ဘီလူးကျွန်း #BiluIsland
#ကျောက်သင်ပုန်း #SlateBoard


























Comments