ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၁၆ - အီးဆန်းလောရန်း YSL (Yves Saint Laurent)




မင်္ဂလာပါဗျာ။ ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတွေရဲ့ အတ္ထုပ္ပတ္တိကို ဆက်လက်ဖော်ပြပေးနေပါတယ်။ အရင်လမှာဖတ်ရှုခဲ့ကြရတာက ဒီဇိုင်နာကြီး ဟျူးဂိုဘော့စ် (Hugo Boss) အကြောင်းပါ။ ဒီလမှာတော့ ဒီဇိုင်နာ ထဲမှာ တအားထူးချွန်၊ ရုပ်လဲချော၊ နာမည်လဲကျော်ပြီး သူ့အကြောင်းကိုရုပ်ရှင်ရိုက်ပြရအောင် အရေးပါခဲ့တဲ့ သြဂုတ်လဖွား အမျိုးသားဒီဇိုင်နာရဲ့အကြောင်း တင်ဆက်ပေးဖို့ရာရှိပါတယ်။


သူကတော့ YSL ဆိုတဲ့ ကမ္ဘာ့ထိပ်တန်းဖက်ရှင်တံဆိပ်ကို တီထွင်ထုတ်လုပ်ခဲ့သလို (၂၁)ရာစုရဲ့ အထင်ရှားဆုံးဒီဇိုင်နာအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ပြင်သစ်ဒီဇိုင်နာကြီး YSL ခေါ် အီးဆန်းလောရန်း (Yves Saint Laurent) ပဲဖြစ်ပါတယ်။ Yves Saint Laurent ဟာ ပြင်သစ်နာမည်ဖြစ်ပြီး အသံထွက်အမှန်ကတော့ အီးဆန်းလောရန်း ဖြစ်ပါတယ်။ စိန့်လော့ရန့်ဟု အသံမထွက်ပါခင်ဗျာ။



ငယ်ဘဝ

ဒီဇိုင်နာ အီးဆန်းလောရန်းကို (၁၉၃၆)ခု၊ သြဂုတ်လ(၁)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အပြည့် အစုံကတော့ Yves Henri Donat Mathieu-Saint-Laurent ဖြစ်ပါတယ်။ ဇာတိကတော့ ပြင်သစ်နိုင်ငံရဲ့ နှစ်လိုဖွယ်ကမ်းခြေမြို့ Oran မှာပေါ့။ ဖခင်က Charles Mathieu-Saint-Laurent ဖြစ်ပြီး၊ မိခင်ကတော့ Lucienne Andree Mathieu-Saint-Laurent ပါ။ အင်္ဂလိပ်စာလုံးနဲ့ ရေးထားပေမဲ့ ပြင်သစ်အသံထွက်တွေ ဆိုတော့ ဖတ်ရခက်ခက်နာမည်တွေပေါ့။ အီးဆန်းလောရန်းရဲ့ ကလေးဘဝမှာ Mediterranean ကမ်းခြေက စံအိမ်ကြီးမှာ ဆော့ကစားကြီးပြင်းခဲ့ပါတယ်။

အီးဆန်းလောရန်းတစ်ယောက်က စက္ကူရုပ်တွေလုပ်ရတဲ့ဝါသနာ ငယ်ငယ်ကတည်းကပါခဲ့တာပါ။ ဆယ်ကျော်သက်ဘဝကတည်းက အမေနဲ့ညီမတွေအတွက် အဝတ်အစားပုံစံတွေ ဆွဲပေးခဲ့တဲ့ ပါရမီရှင်လေးပါ။ အီးဆန်းလောရန်း အသက်(၁၇)နှစ်မှာ ပါရီမြို့တော်ကြီးကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။


လူငယ်ဖက်ရှင်ဒီဇိုင်နာဘဝ


(၁၉၅၃)ခုမှာ သူ့ရဲ့ပညာကို ပြိုင်ပွဲတစ်ခုမှာ မှတ်ကျောက်တင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲက International Wool Secretariat ကလုပ်တဲ့ လူငယ်ဖက်ရှင်ဒီဇိုင်နာပြိုင်ပွဲပေါ့။ အီးဆန်းလောရန်းက စကတ် သုံးမျိုးကို ပုံစံထွင်ပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဝမ်းသာစရာပါပဲ။ သူဟာ ဒီပြိုင်ပွဲကြီးရဲ့ ပထမဆုရှင် ဖြစ်ခဲ့ပြီး ဒီဇင်ဘာမှာကျင်းပတဲ့ ဆုချီးမြှင့်ပွဲကြီးကိုလဲ တက်ရောက်ဆုယူခဲ့ရပါတယ်။

အီးဆန်းလောရန်းက French Vogue မဂ္ဂဇင်းအယ်ဒီတာ Michel De Brunhoff ရဲ့ အကြံပေးချက်တွေ များစွာရယူနိုင်ခဲ့ပါတယ်။ မဂ္ဂဇင်းအယ်ဒီတာကြီးကလဲ အီးဆန်းလောရန်းဟာ တကယ့်ကိုတောက်ပတဲ့ ကြယ်ပွင့်ဖြစ်မယ်ဆိုတာ သိနေခဲ့တယ်လေ။ အီးဆန်းလောရန်းက နှစ်နည်းနည်းကြာတော့ International Wool Secretariat မှာ ထပ်ပြိုင်ခဲ့ပြန်ပါတယ်။ ထပ်ပြိုင်တော့လဲ ထပ်ပြီးဆုရခဲ့ပြန်ပါတယ်။

ဆုရပြီးများမကြာမီမှာ အီးဆန်းလောရန်းဟာ ဖက်ရှင်ဒီဇိုင်းတွေအများကြီးဆွဲပြီး အယ်ဒီတာကို ပြခဲ့ပါ တယ်။ အယ်ဒီတာက သူ့ကိုကမ္ဘာကျော် ဒီယော(Dior)ဖက်ရှင်ပိုင်ရှင် ခရစ္စတီးယန်းဒီယော (Christian Dior) နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ [ခရစ္စတီးယန်းဒီယော (Christian Dior) ၏အကြောင်းကို (၂၀၁၇)၊ ဇွန်နဝါရီထုတ် The Chic Magazine ၊ စာမျက်နှာ(၁၂၈)၌ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။] ဒီဇိုင်နာကြီး ခရစ္စတီးယန်းဒီယောက အီးဆန်းလောရန်းကို အလွန်မတန်သဘောကျပြီး ချက်ချင်းအလုပ်ခန့်လိုက်ပါတယ်။ တကယ်ထူးချွန်တဲ့ လူငယ်ဆိုတာ ခရစ္စတီးယန်းဒီယောကလဲ သိနေခဲ့တာကိုး။


ခေါင်းဆောင်မှုနှင့် ဒီဇိုင်နာဘဝ


အီးဆန်းလောရန်းဟာ ခရစ္စတီးယန်းဒီယောရဲ့ဒီဇိုင်နာအဖြစ် ရာသီတိုင်းအတွက် ဖက်ရှင်သစ်တွေ ထွင်ခဲ့ပါတယ်။ ကာလကြာပြီးနောက် (၁၉၅၇)ခုမှာ အသက်(၅၂)ရှိပြီဖြစ်တဲ့ ဒီဇိုင်နာ ခရစ္စတီးယန်းဒီယောက အီးဆန်းလောရန်းရဲ့ အမေကိုခေါ်ပြီး ကိစ္စတစ်ခုဆွေးနွေးခဲ့ပါတယ်။ အကြောင်းကတော့ အီးဆန်းလောရန်းက ဒီယော (Dior) ဖက်ရှင်တံဆိပ်ရဲ့ ခေါင်းဆောင်မှုအမွေဆက်ခံရေးပါပဲ။ ဒီစကားကိုကြားတဲ့ အီးဆန်းလောရန်း တို့သားအမိ အများကြီးတွေဝေ မှင်တက်မိခဲ့ကြပါတယ်။ ဒါနဲ့ အောက်တိုဘာလလဲရောက်ရော ဒီဇိုင်နာ ခရစ္စတီးယန်းဒီယော နှလုံးဖောက်ပြန်ပြီး အနိစ္စရောက်ခဲ့ပါတော့တယ်။ သူကွယ်လွန်တော့ အီးဆန်းလောရန်း ရဲ့အသက် (၂၁)နှစ်ရှိပါပြီ။ အဲဒီနှစ် (၁၉၅၇)မှာ ဒီယော (Dior) ဖက်ရှင်ရဲ့ ဒီဇိုင်နာခေါင်းဆောင်အနေနဲ့ အုပ်ချုပ်ခဲ့ရပါတယ်။


အောင်မြင်မှုများ


(၁၉၅၈)မှာ သူဖန်တီးလိုက်တဲ့ ဒီယော(Dior)ရဲ့ ဖက်ရှင်သစ် Trapeze Dress ဟာ တကယ် လူကြိုက်များပြီး စီးပွားရေးပျက်ကပ်ချိန်မှာတောင် အရှုံးမပေါ် အဖတ်ဆည်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အီးဆန်းလောရန်းဖန်တီးခဲ့တဲ့ Trapeze Dress ဟာ ကမ္ဘာပေါ်မှာ အခုအချိန်ထိ ကျော်ကြားနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာသတင်းစာတွေ သူ့နာမည်ကို အာရုံစိုက်လာကြချိန်မှာ သူ့ရဲ့နာမည် Yves-Saint-Laurent အီးဆန်းလောရန်းဆိုတဲ့ ပြင်သစ်နာမည်က ဖတ်ရခက်တာမို့ စကားလုံးကြားဆက်အတုံး (Hyphen) တွေဖြုတ်ပြီး မျိုးရိုးနာမည် Saint Laurent - ဆန်းလောရန်း ဆိုတဲ့နာမည်ကိုပဲသုံးစွဲခဲ့ပါတယ်။ ပြင်သစ်သံ မသိသူတွေကတော့ စိန့်လောရန့်လို့ပဲ ထွက်ကြပါတယ်။


အီးဆန်းလောရန်း ထပ်မံဖန်တီးတဲ့ (၁၉၅၈)ဆောင်းဦးဖက်ရှင်ကတော့ အရင်တစ်ခါလောက် နာမည်မကြီးခဲ့ပါဘူး။ ပြီးတော့ ဒီယော(Dior)အတွက် နောက်ထပ်ဖန်တီးပြန်တဲ့ ခေတ်ရှေ့ဖက်ရှင်တွေဖြစ်တဲ့ ဒူးသိမ်စကတ် (Hobble Skirt) နဲ့ ဘိနစ်ဖက်ရှင် (Beatnik) တို့ကိုလဲ မီဒီယာတွေက လက်မခံချင်ခဲ့ကြ ပြန်ပါဘူး။ ဒါပေမဲ့ (၁၉၅၉)ခုနှစ်မှာ အဲကာလတုန်းကအရှိန်အဝါကြီးတဲ့ အီရန်နိုင်ငံဘုရင် Mohammad Reza Pahlavi ရဲ့မိဖုရား Farah Pahlavi က သူ့ရဲ့မင်္ဂလာသတို့သမီးဝတ်စုံချုပ်ပေးဖို့ အပ်ခဲ့တာကြည့်ရင် အီးဆန်းလောရန်းရဲ့ အရည်အသွေးကိုတွက်ဆမိမှာပါ။

အဲဒီကာလက ပြင်သစ်ပြည်မှာ စစ်မှုမထမ်းမနေရစနစ်ရှိခဲ့ဖူးပါတယ်။ ဒါ့ကြောင့် အီးဆန်းလောရန်းလဲ (၁၉၆၀)ပြည့်နှစ်မှာ ပြင်သစ်နဲ့ Algerian စစ်ပွဲအတွက် စစ်မှုထမ်းဖို့ စစ်တပ်ထဲဝင်ခဲ့ရပြီ။ အရာရှိကြီးတချို့ရဲ့ စေခိုင်းချက်အရ စစ်ဆေးရုံမှာ တာဝန်ထမ်းခဲ့ရတယ်။ အဲဒီအချိန်မှာ ဒီယောဖက်ရှင်က သူ့ကိုလိုအပ်နေတာမို့ ဒီယောပိုင်ရှင်လည်းဖြစ်၊ ပြင်သစ်ပြည်ရဲ့ သြဇာညောင်းတဲ့စီးပွားရေးသမားကြီးလည်းဖြစ်တဲ့ Marcel Boussac က အစိုးရကိုဖိအားပေးခဲ့လို့ နောက်စစ်ဆေးရုံတစ်ခုမှာ ပြောင်းပြီးလုပ်ခဲ့ရပြန်ရော။

ကံဆိုးချင်တော့ ဆေးဝါးနဲ့ ဆက်စပ်ရာကနေ မူးယစ်ဆေးရမဲ့ လမ်းကြောင်းရှာတွေ့ပြီး ဆေးစွဲသွားလေရဲ့။ ပင်ကိုယ်စိတ်ပြဿနာလဲ အခံရှိတော့ ဆေးရုံမှာကုယူခဲ့ရပြန်ပါလေတယ်။ တကယ်တွက်ကြည့်ရင် သူ့ကိုကမောက်ကမဖြစ်စေတဲ့ အထဲမှာ ဒီယောပါနေခဲ့တယ်ဆိုရမှာပါပဲ။



ကိုယ်ပိုင်တံဆိပ်စတင်

အီးဆန်းလောရန်း ဆေးရုံဆင်းချိန် (၁၉၆၀)နိုဝင်ဘာမှာ ဒီယောဖက်ရှင်ကို စာချုပ်ကိစ္စအနိုင်ရလိုမှုနဲ့ တရားစွဲခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ အီးဆန်းလောရန်းအနိုင်ရခဲ့တယ်။ အဲနောက်မှာ သူ့ရဲ့ အမျိုးသားချင်း ချစ်သူ စက်မှုလုပ်ငန်းရှင် Pierre Bergé နဲ့အတူ ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းဖြစ်ပြီး YSL လို့ ကမ္ဘာကျော်ကြားတဲ့ Yves Saint Laurent (အီးဆန်းလောရန်း) တံဆိပ်ကိုစတင်ခဲ့ပါတော့တယ်။ အရင်းအနှီးတွေကို အမေရိကန် သန်းကြွယ်သူဌေးကြီး J. Mack Robinson က စိုက်ထုတ်ပေးခဲ့ပါတယ်။

အီးဆန်းလောရန်းရဲ့တီထွင်မှုများနဲ့ YSL ဖက်ရှင်ဆံဆိပ်က အောင်မြင်ကျော်ကြားမှုတွေရှိလာခဲ့ပြီ။ (၁၉၆၀)နဲ့ (၁၉၇၀)နှစ်များမှာဆို တစ်ချိန်ကကဲ့ရဲ့ခံရတဲ့ ဘိနစ်ဖက်ရှင် (Beatnik)လဲ နာမည်ကျော်လာခဲ့ပါပြီ။ ပြီးတော့ အမျိုးသား၊ အမျိုးသမီးအားလုံးအတွက် တောလည်ဂျာကင် (Safari Jacket)၊ ဘောင်းဘီရှည်အကျပ် (Tight Trouser)၊ လည်ရှည်ဘွတ်ဖိနပ် (Tall, Thigh-High Boot)၊ Le Smoking လို့ခေါ်တဲ့ (၁၉၆၆)ထုတ် အမျိုးသမီးဝတ် ဂန္ထဝင်လက်ရာ ပိုးဖဲကော်လာတပ်ကုတ် (Tuxedo Suit) တို့ဟာ တစ်မျိုးတစ်ဘာသာစီ ကျော်ကြားအောင်မြင်လှပါတယ်။

(၁၉၆၅)ခုနှစ်မှာတော့ အီးဆန်းလောရန်းရဲ့ အလွန့်အလွန်ကျော်ကြားတဲ့ Mondrian Collection ဖက်ရှင်ဖြစ်တည်လာခဲ့ပါတယ်။ ဒတ်ချ်လူမျိုး ပန်းချီဆရာကြီး Piet Mondrian ရဲ့ လေးထောင့်ကွက်ပန်းချီကို ကြည့်ရင်း ဉာဏ်ကွန့်မြူးမိသွားရာကနေ ကြက်မြီးဝတ်စုံ (Cocktail Dress - ကော့တေးသောက်ဧည့်ခံပွဲများ အတွက် အမျိုးသမီးဝတ်စုံ) ခြောက်စုံကိုဖန်တီးဖြစ်ခဲ့ပါတယ်။

အဝတ်အစားအဆင်ကတော့ မူလအရောင်တွေ ဖြစ်တဲ့ အနီ၊ အပြာ၊ အဝါနဲ့ အဖြူရောင်တို့ကို အမည်းမျဉ်းကြောင်းနဲ့ကန့်ပြီး ဆွဲသားထားတာဖြစ်ပါတယ်။ အီးဆန်းလောရန်းရဲ့ Modrain Collection ဖက်ရှင်က ဖက်ရှင်ချစ်သူတွေတင်မကဘဲ နှောင်းဒီဇိုင်နာတွေပါ စံထားတဲ့ဝတ်စုံတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ (၁၉၂၀)ပြည့်လွန်နှစ်များ၊ (၁၉၃၀)ပြည့်လွန်နှစ်များ၊ (၁၉၄၀)ပြည့်လွန်နှစ်များ ဖက်ရှင်တွေကို ပြန်လည်ဆန်းသစ် တီထွင်ဖန်တီးခဲ့ပါသေးတယ်။

အီးဆန်းလောရန်းပဲ ကမ္ဘာ့အကျော်ကြားဆုံး ဒီဇိုင်နာစာရင်းဝင်တာမဟုတ်ဘဲ YSL တံဆိပ်ကပါ ကမ္ဘာ့အထင်ရှားဆုံး ဖက်ရှင်တံဆိပ်စာရင်းဝင်သွားတာက အံ့မခန်းအောင်မြင်မှုပါပဲ။ ယနေ့အချိန်ထိ အမျိုးသား၊ အမျိုးသမီးများအတွက် ရယ်ဒီမိတ်ဝတ်စုံ၊ သားရေထည်၊ ဖိနပ်၊ ကျောက်မျက်ရတနာ စတာတွေ ဖန်တီးထုတ်လုပ်နေဆဲဖြစ်ပါတယ်။


အီးဆန်းလောရန်း၏နောက်ဆုံးခရီး


အီးဆန်းလောရန်းဟာ (၂၀၀၂)ခုနှစ်မှာအနားယူပြီး ဖက်ရှင်ဘဝကို အေးဆေးသက်သာစွာနဲ့ ဆက်လက်ဖြတ်သန်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ဦးနှောက်မြစ်ပွားနာ (Brain Cancer) ဖြစ်ပွားခဲ့ပါတယ်။ နယူးယောက်တိုင်းမ်သတင်းစာကြီးရဲ့ ဖော်ပြချက်အရဆိုရင် ကွယ်လွန်လုချိန် အသက်(၇၁)နှစ်မှာ အီးဆန်းလောရန်းတို့ ချစ်သူနှစ်ဦးက လိင်တူချစ်သူများအသင်း Same-Sex Civil Union ကို ချိတ်ဆက်ခဲ့ကြ တယ်လို့သိရပါတယ်။ ဒီလိုနဲ့ ဦးနှောက်မြစ်ပွားနာကြောင့် အီးဆန်းလောရန်းခမျာ သေခမူနာသရော အချိန်မှာ ပြင်းထန်တဲ့ဝေဒနာကို ခံစားရရှာတယ်။ သူ့ဘဝရဲ့လက်ကျန်အချိန်က တစ်ပတ် (ဒါမှမဟုတ်) နှစ်ပတ်ပဲ ကျန်တော့တာမို့ ဆရာဝန်ကြီးက သူ့ချစ်သူ Pierre Bergé ကိုပြောပြပြီး လူနာကိုအသိမပေးတာ ပိုကောင်းမလားလို့ပြောတယ်။

သူ့ချစ်သူ Pierre Bergé ကလဲပြောတယ်၊ “အီးဆန်းလောရန်းက သေရမယ်ဆိုတာလက်ခံဖို့ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး”တဲ့။ အီးဆန်းလောရန်းက သူကြီးလာတဲ့အထိ သူ့အမေနဲ့ ညီမလေးတွေနဲ့အတူနေပြီး အသက်ရှင်ရတာလေ။ အဖေဆိုတာကလဲ (၁၉၈၈)ကတည်းက သေနှင့်ခဲ့တာကိုး။ ဒီလိုနဲ့ အီးဆန်းလောရန်းကို သေမဲ့အချိန်အသိမပေးဘဲနေခဲ့တာ များမကြာမီ (၂၀၀၈) ဇွန်လ(၁)ရက်မှာပဲ အနိစ္စရောက်ခဲ့ရှာပါတော့တယ်။ အီးဆန်းလောရန်းဟာ ဖက်ရှင်ဂုရုကြီးဖြစ်လို့ သူ့နာရေးကို အီရန်ဘုရင်မဟောင်း Farah Pahlavi တို့၊ ပြင်သစ် သမ္မတကြီး နီကိုလတ်ဆာကိုဇီတို့ တက်ရောက် အသုဘရှုခဲ့ကြပါတယ်။


အပ်နှင်းခံရသောဆုများနှင့် ဂုဏ်ပြုခံရမှုများ

- International Wool Secretariat ဆု(၂)ကြိမ် ၁၉၅၃
- Neiman Marcus Fashion Award ၁၉၅၈
- Harper's Bazaar Award
- Councils of Fashion of America Awards (CFAD Awards)
(အမေရိကန်ပြည်ထောင်စုဖက်ရှင်ဒီဇိုင်နာများကောင်စီဆု) ၁၉၈၁
- သက်ရှိထင်ရှားဒီဇိုင်နာများတွင် Metropolitan Museum of Art
၏ ပထမဆုံးဂုဏ်ထူးဆောင်ဘွဲ့ ၁၉၈၃
- CFDA Lifetime Achievement Award
(အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများကောင်စီ၏ ဘဝတစ်သက်တာဆု) ၁၉၉၉
- Fifi Fragrance Award (for Baby Doll) ၂၀၀၀
- National Order of the Legion of Honour
(ပြင်သစ်ပြည်၏အမြင့်ဆုံးဆုဖြစ်ပြီး ပြင်သစ်သမ္မတ
Jacques Chirac ကိုယ်တိုင်ဂုဏ်ပြုခဲ့သည်။) ၂၀၀၁
- Grand Officer of the Legion of Honor
(ပြင်သစ်သမ္မတ နီကိုလတ်ဆာကိုဇီကိုယ်တိုင် ဂုဏ်ပြုခဲ့သည်။) ၂၀၀၇


ကျော်ကြားသူများဟာ ကမ္ဘာအနှံ့ အလွန်များပါတယ်။ ဒါပေမဲ့ အောင်မြင်ကျော်ကြားသူကတော့ အလွန်ရှားပါတယ်။ ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများထဲက အီးဆန်းလောရန်းကတော့ ဖက်ရှင်လောက မှာ ကြွေလွင့်သွားပေမဲ့ အခုအချိန်ထိ လင်းနေဆဲကြယ်ပွင့်ကြီးပါပဲ။ ဒီလ သြဂုတ်(၁)ရက်နေ့ဟာဆိုရင် (၂၁)ရာစုရဲ့အထင်ရှားဆုံးဒီဇိုင်နာ အီးဆန်းလောရန်းရဲ့ မွေးနေ့ဖြစ်တာကြောင့် လူ့လောကမှာ မရှိတော့ပေမဲ့ ပျော်ရွှင်ဖွယ်မွေးနေ့ပါလို့ နှုတ်ဆက်ပါရစေလားဗျာ။

ကောလိယ ဝေယံမောင်မောင်

The Chic မဂ္ဂဇင်း
၂၀၁၇ ဩဂုတ်လ

Comments