၇၄၊ ဝဏ္ဏ အသံထွက် = ဝန(မှား) ဝန်န(မှန်)

 

ဝဏ္ဏအဓိပ္ပာယ်

‘ဝဏ္ဏ’ ရဲ့အသံထွက်ကို မှန်မှန်ကန်ကန်ထွက်တာ ဘုန်းကြီးတွေပဲရှိမယ်ထင်ပါတယ်။ လူတွေထဲမှာ အခမ်းအနားမှူးတွေ၊ တင်ဆက်သူတွေတောင် ‘ဝန’ လို့ပဲထွက်နေကြလို့ နှမြောမိတာအမှန်ပါပဲ။ ဘာလို့လဲ ဆိုတော့ အဓိပ္ပာယ်သိပ်လှတဲ့ ပါဠိစကားလုံး ဖြစ်နေလို့ပါ။ ‘ဝဏ္ဏ’ ရဲ့အဓိပ္ပာယ်က ‘အဆင်း’ ဖြစ်ပါတယ်။ ရုပ်ရည်ရဲ့ အရောင်အသွေး၊ အသွင်အပြင်ကို ဆိုလိုပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်လို Appearance ၊ Color of the Skin ဆိုပြီးပြန်ဆိုပါတယ်။ နောက်ပြီး ‘အက္ခရာ’ လို့လဲ အဓိပ္ပာယ်ရပါတယ်။

ဝဏ္ဏအသံထွက်

            ‘ဝဏ္ဏ’ ရဲ့အသံထွက်မှန်ဟာ ‘ဝန်န’ ပါ။ နှစ်လုံးဆင့်ရေးတာကို အသံထွက်မယ်ဆိုရင် အပေါ်ကအလုံးကို အသတ်အဖြစ်ဖတ်ရတယ်။ ‘ဝဏ္ဏ = ဝဏ် + ဏ = ဝန်န’ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုရေးမယ်ဆိုရင် Wun Na သို့မဟုတ် Wunna ဆိုပြီး ခွာပြီးဖြစ်ဖြစ်၊ ဆက်လျက်ဖြစ်ဖြစ် ရေးရပါတယ်။

          ဒါကြောင့် ဥပမာအားဖြင့်

- သုဝဏ္ဏကို ‘သုဝန်န’

- သုဝဏ္ဏသာမကို ‘သုဝန်နသာမ’

- ပုပ္ပားမယ်တော်မယ်ဝဏ္ဏကို ‘မယ်ဝန်န’

-  လူအမည်ဝဏ္ဏကို ‘ဝန်န’

- ဝဏ္ဏကျော်ထင်ဘွဲ့ကို ‘ဝန်နကျော်ထင်’

လို့ထွက်မှ အဓိပ္ပာယ်လဲရှိ၊ အသံထွက်လဲ မှန်မှာဖြစ်ပါတယ်။

ပါဠိစကား ဝဏ္ဏ

ဝဏ္ဏရဲ့ မူရင်းပါဠိကို ရောမအင်္ဂလိပ်စာနဲ့ဆိုရင် Vaṇṇa လို့ရေးပါတယ်။ သူတို့အသံနဲ့ဆိုရင် ‘ဗန်န’ ပေါ့။ ဆွမ်းအကျိုး(၅)ပါးမှာ အာယု ဝဏ္ဏ သုခ ဗလ ပဋိဘာန - သက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း ဆိုတဲ့ထဲမှာ ဝဏ္ဏပါတာလဲ ကြားဖူးကြမယ်ထင်ပါတယ်။

ကောလိယ ဝေယံမောင်မောင်

၁၉.၁၂.၂၀၂၃

#စကားနှင့်စာမှတ်စရာ
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်


Comments