ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၁၇၊ စတယ်လာ မက်ခါ့နီ Stella McCartney

ကောလိယ ဝေယံမောင်မောင်

ဒီဇိုင်နာ စတယ်လာ မက်ခါ့နီ Stella McCartney


ဖက်ရှင်ချစ်သူများ မင်္ဂလာပါခင်ဗျာ။ မိုးရာသီရဲ့နောက်ဆုံးလ၊ ဆောင်းဦးဝင်မဲ့အခါသမယ စက်တင်ဘာလမှာ အေးမြချမ်းမြေ့ကြပါစေလို့ နှုတ်ဆက်ပါရစေ။ နိုင်ငံတကာမှာဆိုရင်တော့ ရာသီကူးပြောင်း တဲ့ ကာလတွေဆိုတာ ဖက်ရှင်လောကအတွက် အထူးဆန်းသစ်ချိန်ပါပဲ။ ရာသီသစ်မှာဝတ်ဖို့ ဖက်ရှင်အသစ်၊ အဝတ်အထည်အသစ်တွေကို ဖက်ရှင်ဒီဇိုင်နာတွေက ဖက်ရှင်မိတ်ဆက်ပွဲ၊ ရှိုးပွဲတွေကတစ်ဆင့် ဖြန့်ချိနေကြ ပါပြီ။ ကုန်တိုက်ကြီးငယ် အသွယ်သွယ်မှာလဲ ဈေးဝယ်တွေပြည့်နေတတ်ပါတယ်။

ပြီးခဲ့တဲ့လက ဖော်ပြပေးခဲ့တာကတော့ YSL ဖက်ရှင်တံဆိပ်ပိုင်ရှင် အီးဆန်းလောရန်း (Yves Saint Laurent) အကြောင်းဖြစ်ပါတယ်။ ဒီလမှာကတော့ Stella McCartney (စတယ်လာ မက်ခါ့နီ) ဖက်ရှင်တံဆိပ်ပိုင်ရှင် အမျိုးသမီးဒီဇိုင်နာ စတယ်လာ မက်ခါ့နီ အကြောင်းကို ဖော်ပြပေးဖို့ရာရှိပါတယ်။

ငယ်ဘဝ

စတယ်လာ မက်ခါ့နီကို (၁၉၇၁)ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့က အင်္ဂလန်ပြည်၊ လန်ဒန်မြို့၊ Lambeth မြို့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အပြည့်အစုံက Stella Nina McCartney ဖြစ်ပြီး။ သူ့နာမည်ထဲက Stell ဆိုတာကိုတော့ သူ့အဘွားရဲ့အမေ ဘေးမကြီးက မှည့်ခဲ့ပါသတဲ့။ သူ့အဖေက တေးရေး၊ တေးဆို James Paul McCartney ဖြစ်ပြီး အမေကတော့ ဓာတ်ပုံဆရာမ Linda Louise Eastman ဖြစ်ပါတယ်။ မိဘတွေက တကယ့်အနုပညာရှင်တွေပါ။ သမီးကလဲ ဖက်ရှင်ဒီဇိုင်နာဆိုတော့ သူတို့မိသားစုဟာ တကယ့်အနုပညာ မိသားစုစစ်စစ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး စတယ်လာ မက်ခါ့နီ တို့မောင်နှမတွေက Wings တေးဂီတအဖွဲ့နဲ့အတူ ကမ္ဘာအနှံ့ခြေဆန့်ခဲ့ရတာမို့ ကမ္ဘာ့အနုပညာရပ်ဝန်းကို ငယ်စဉ်ကတည်းက ထိတွေ့ခွင့်ရပါတယ်။

ပညာရေး

စတယ်လာ မက်ခါ့နီကို မိဘတွေက သူတို့လိုအလုပ်များတဲ့အနုပညာရှင်တွေလို မဟုတ်ဘဲ ရိုးရှင်းတဲ့ ဘဝလေးကိုပဲဖြတ်သန်းစေချင်ပါတယ်။ ဒါ့ကြောင့် သူလဲ သူတို့ပြည်နယ်တွင်းက Bexhill ကောလိပ်ထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ East Sussex မှာပဲ ပညာသင်ယူခဲ့ပါတယ်။ ကျောင်းတက်နေတုန်းမှာ အနိုင်ကျင့်ခံခဲ့ ရဖူးပါသတဲ့။ ဒါတင်မကသေးဘဲ သူက သူ့ကိုယ်သူ ညှဉ်းဆဲအနိုင်ကျင့်တဲ့သူလဲ ဖြစ်ပါသေးသတဲ့။ ဒါတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ အနောက်နိုင်ငံတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဗုဒ္ဓဘာသာမှာတော့ ဘုရားရှင်ဟောကြားခဲ့တဲ့ ဓမ္မစကြာသုတ်တော်မှာ ကိုယ့်ကိုယ်ကိုယ်ညှင်းဆဲခြင်းဆိုတာ အတ္ထကိလ မထာနုယောဂ ဖြစ်ပါတယ်။

စတယ်လာ မက်ခါ့နီ (Stella McCartney) ဖက်ရှင်အမှတ်တံဆိပ်



ဒီဇိုင်နာဘဝ

စတယ်လာ မက်ခါ့နီ ဟာ ငယ်စဉ်ကတည်းက အဝတ်အစားဒီဇိုင်းပိုင်းကို ဝါသနာထုံခဲ့သူပါ။ ဘယ်လောက်တောင် ပါရမီပါလဲဆိုရင် သူ့အသက်(၁၃)နှစ်မှာကတည်းက ကိုယ်ပိုင်ဂျက်ကက်အင်္ကျီကို ဖန်တီးနိုင်ခဲ့သူပါ။ ကိုယ်တိုင်တီထွင်ဆန်းသစ်မှုတွေ အမြဲလုပ်နေလေတော့ နောက်သုံးနှစ်အကြာမှာ ဖက်ရှင်ဒီဇိုင်နာ Christian Marie Marc Lacroix ရဲ့ဖက်ရှင်တွေကို စိတ်ဝင်စားလာမိတယ်။ ကိုယ်ပိုင်တံဆိပ်၊ ကိုယ်ပိုင်ဖက်ရှင်စုစည်းမှုတွေကို ဖန်တီးချင်လာပါတယ်။ ဒီအချိန်မှာ Edward Sexton ဆိုတဲ့ အချုပ်အလုပ် ပညာရှင်အတွက် ပထမဆုံးဝတ်စုံအုပ်စုပြသမှုကို ဖန်တီးလာနိုင်ခဲ့ပါတယ်။

(၂၀၁၆)ခုနှစ်က တီထွင်ခဲ့သော ဖက်ရှင်တစ်စုံ



သူ့ရဲ့ဖက်ရှင်အုတ်မြစ်ခိုင်မာစေဖို့ Ravensbourne College of Design and Communication မှာ ဖက်ရှင်ပညာသင်ခဲ့ပါတယ်။ ဖက်ရှင်ပညာတွေကိုဆည်းပူးပြီးနောက် (၁၉၉၅)ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ဖက်ရှင်ကျောင်းတွေဆိုတာ ဘွဲ့ရဖို့အတွက် ဝတ်စုံဖန်တီးမှုလက်ရာတွေ ပြသရစမြဲမို့ သူ့သူငယ်ချင်းတွေရယ်၊ ထိပ်တန်းကိုယ်ဟန်ပြမယ်တွေဖြစ်တဲ့ Naomi Campbell, Yasmin Le Bon နဲ့ Kate Moss တို့နဲ့ ဖက်ရှင်ရှိုး ပြသခဲ့ပါတယ်။ ဖက်ရှင်ရှိုးမှာ မေ့မရစရာ၊ အမှတ်တရဟာကတော့ ဂီတအကျော်အမော် သူ့ဖခင်ကိုယ်တိုင် သမီးဖြစ်သူအတွက်ရေးစပ်ထားတဲ့သီချင်းနဲ့ ဝတ်စုံတွေလျှောက်လှမ်းပြသခဲ့တာဖြစ်ပါတယ်။ သီချင်းနာမည်က Stella May Day တဲ့။ အဲဒီဖက်ရှင်တွေကို အင်္ဂလန်ပြည်တင်မကဘဲ ဂျပန်ပြည်၊ တိုကျိုမြို့ထိ ရောင်းချခဲ့ပါတယ်။

Dapper ဖက်ရှင်အတွက် စတယ်လာ မက်ခါ့နီ (Stella McCartney) ၏လက်ရာများ



တိရစ္ဆာန်များ သနားကြင်နာတတ်သူ

စတယ်လာ မက်ခါ့နီမှာ လေးစားအားကျဖွယ်အချက်တစ်ခုရှိတယ်။ အဲဒါက သူက သက်သတ်လွတ်ပဲစားပြီး သူချုပ်တဲ့ဝတ်စုံတွေမှာ သားရေထည်တွေ၊ သားမွေးထည်တွေ ဘယ်တော့မှမသုံးခဲ့ပါဘူး။ ဒါ့ကြောင့် ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာကြီးရဲ့ (၂၀၁၅)ထုတ် သတင်းစာတစ်ခုမှာ စတယ်လာ မက်ခါ့နီဟာ တိရစ္ဆာန်အခွင့်အရေးအတွက် ပြောင်းလဲခြင်းမရှိ ကြွေးကြော်ရပ်တည်သူအဖြစ် ဖော်ပြခံခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအခြေစိုက် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ People for the Ethical Treatment of Animals ကိုလဲ စတယ်လာ မက်ခါ့နီ တစ်ယောက် အမြဲပံ့ပိုးခဲ့ပါတယ်။ “တိရစ္ဆာန်လုံးဝမသုံး” ဆိုတဲ့မူဝါဒကို လက်ကိုင်ထားခဲ့ပါတယ်။ ဥပမာ - Adidas အတွက်ဖန်တီးပေးခဲ့တဲ့ အားကစားဝတ်စုံကို “သက်သတ်လွတ်သမားများအတွက် သင့်လျော်သောအားကစားဝတ်စုံ” လို့ ဖော်ပြထားတာပါ။

၂၀၁၇နွေဦး အမျိုးသားဝတ်စုံ



ကိုင်ပိုင်ဖက်ရှင်လုပ်ငန်းနှင့် နှစ်အလိုက်အောင်မြင်မှုများ

(၂၀၀၁)ခုနှစ်မှာ စတယ်လာ မက်ခါ့နီက ကိုယ်ပိုင်ဖက်ရှင်တိုက်ထောင်ပြီး ကနဦးဝတ်စုံအုပ်စုတွေကို ပြင်သစ်ပြည်၊ ပါရီမြို့မှာ ပြသခဲ့ပါတယ်။ (၂၀၁၇)မှာ သူ့ဖက်ရှင်တွေကို ကမ္ဘာ့နိုင်ငံပေါင်း(၅၀)ကျော်က လက်ကားအရောင်းဆိုင်ကြီးတွေမှာ အသင့်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ (၂၀၀၃)ခုနှစ်မှာ စတယ်လာ မက်ခါ့နီဟာ သူ့ပထမဆုံးရေမွှေး Stella ကို ထုတ်လုပ်ခဲ့ပါတယ်။ (၂၀၀၇)၊ ဇန်နဝါရီမှာ CARE ဆိုတဲ့ အလှကုန်ကို မိတ်ဆက် ခဲ့ပါတယ်။ ထူးခြားချက်ကတော့ သဘာဝပစ္စည်းကို ရာနှုန်းပြည့်သုံးစွဲထားခြင်းပါပဲ။ ထုတ်ကုန်(၇)မျိုးရှိပြီး မျက်နှာသစ်နို့ရည်ဆိုရင် သံပရိုသီး၊ လက်ဖက်စိမ်း၊ ပန်းပွင့်ရေတို့နဲ့ ထုတ်လုပ်ထားပါတယ်။

အမျိုးသားများအတွက် ဘေးစင်းပါဘောင်းဘီဖက်ရှင်



(၂၀၀၈)ခုနှစ်မှာတော့ အမျိုးသမီးအတွင်းခံတွေပါ ထုတ်လုပ်ခဲ့တယ်။ ဒါတင်မကသေးဘူး။ ကလေးတွေဝတ်ဖို့ဆိုပြီး မွေးကင်းစသူငယ်ကနေ (၁၂)နှစ်အရွယ်မြီးကောင်ပေါက်အထိဝတ်နိုင်တဲ့ ကလေး ဖက်ရှင်တွေကိုလဲ (၂၀၁၀)ပြည့်နှစ်မှာ ဖန်တီးခဲ့သေးတယ်။ စတယ်လာ မက်ခါ့နီက သူ့ဖက်ရှင်ကို ကျား၊ မ၊ ကလေးမကျန် ဝတ်နိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။ (၂၀၁၆)ခုနှစ်မှာ အမျိုးသားတွေအတွက် ဖက်ရှင်တွေပါ ထုတ်လုပ် ပေးခဲ့ပါတယ်။ အမျိုးသားတွေ စမတ်ကျကျနဲ့ ထသွားထလာဝတ်လို့ရမဲ့ ဖက်ရှင်ထည်တွေကို သူ့ရဲ့အဖေ တေးသံရှင်ကြီး James Paul McCartney က ဉာဏ်ကွန့်မြူးပေးတယ်လို့ သိရပါတယ်။

အင်္ဂလိပ်မော်ဒယ် Lily Cole အိန္ဒိယ၌ ၂၀၀၅ခုနှစ်က ရိုက်ကူးခဲ့သောဖက်ရှင်


ဖက်ရှင်ပိုင်း ပူးပေါင်းဆောင်ရွက်မှုများ

စတယ်လာ မက်ခါ့နီက အနုပညာပိုင်းတွေကိုပါ ဖက်ရှင်နဲ့ ပါဝင်ပံ့ပိုးပေးခဲ့ပါတယ်။ (၂၀၀၄)ခုနှစ် တုန်းကဆိုရင် ကမ္ဘာကျော်တေးသံရှင် မက်ဒေါနားရဲ့ (၆)ကြိမ်မြောက်ဂီတခရီးစဉ်ဖြစ်တဲ့ Re-Invention World Tour အတွက်ဖက်ရှင်၊ စကော့လူမျိုး တေးရေး၊ တေးဆို Annie Lennox အတွက် နွေရာသီဂီတခရီးစဉ်အတွက် ဖက်ရှင်၊ ကမ္ဘာကျော်သရုပ်ဆောင် ဂွင်းနက်ပါ့လ်ထရိုးနဲ့ ညှို့မင်းသား ဂျုတေို့ရဲ့ Sky Captain and The World of Tomorrow ဓာတ်ရှင်ကားမှာဝတ်ဖို့ ဖက်ရှင်တွေကိုချုပ်ပေးခဲ့ရပါတယ်။

အမေရိကန် Highland Park Village ၌ ၂၀၁၁ခုနှစ်က ဆိုင်ခွဲတစ်ခုဖွင့်စဉ်



(၂၀၀၄)ခုနှစ်၊ စက်တင်ဘာမှာ ကမ္ဘာ့ထိပ်တန်းအားကစားဝတ်စုံတံဆိပ် Adidas နဲ့တွဲဖက်ပြီး အမျိုးသမီးအားကစားဝတ်စုံတွေ ဖန်တီးခဲ့ပါတယ်။ (၂၀၀၅)မှာ H & M ဖို့ ဝတ်စုံတွေ၊ အဆင်တန်ဆာတွေ ဖန်တီးတုန်းကဆိုရင် မိတ်ဆက်တဲ့နေ့တင်ပဲ ချက်ချင်းဆိုသလိုအလုအယက်ဝယ်ကြလို့ စံချိန်တင်ခဲ့ရပါတယ်။ (၂၀၀၇)ခုနှစ်၊ မတ်လ(၁၂)ရက်နေ့မှာ စတယ်လာ မက်ခါ့နီက ကန့်သတ်အရေအတွက် စနစ်နဲ့ ပဝါ၊ ကုတ် စတာတွေ ထုတ်လုပ်ခဲ့ပါတယ်။

၂၀၁၇နွေဦးအတွက် ပါရီမြို့တော်၌ ဖက်ရှင်ရှိုးကျင်းပစဉ်



(၂၀၀၈)နှစ်ဦးမှာ အမေရိကန်အိတ်တံဆိပ် LeSportsac အတွက် ပုံစံပေါင်း(၃၀)ကနေ (၄၀)ထိရှိပြီး ဒေါ်လာ(၂၀၀)ကနေ (၅၀၀)ထိတန်တဲ့ ခရီးဆောင်အိတ်၊ ခရီးဆောင်သေတ္တာ၊ ကလေးအသုံးအဆောင်နဲ့ ကလေးငယ်များရဲ့ မိခင်တွေအတွက်အိတ်တို့ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီပစ္စည်းတွေတော့ သာမန်မဟုတ်ဘဲ တန်ဖိုးမြင့်အရည်အသွေးတွေဖြစ်လို့ လော့စ်အိန်ဂျလိစ်နဲ့ နယူးယောက်မြို့တော်မှာရှိတဲ့ LeSportsac နဲ့ Stella McCartney ဆိုင်ကြီးတွေနဲ့ တရားဝင်အွန်လိုင်းစတိုးမှာပဲ ရရှိနိုင်ပါတယ်။

၂၀၁၆ခုနှစ်က အမျိုးသားဝတ်စုံမိတ်ဆက်ပွဲတွင် သြဘာခံယူစဉ်



စတယ်လာ မက်ခါ့နီဟာ ကိုယ်ပိုင်ဖက်ရှင်စထွက်ကတည်းက အနုပညာရှင်အတော်များများနဲ့ လက်တွဲခဲ့ရသူပါ။ နောက်ထပ်လက်တွဲခဲ့တဲ့အနုပညာရှင်တွေထဲမှာ ဗြိတိသျှပန်းချီကျော် Gary Hume အမေရိကန်ကာတွန်းဆရာ Robert Crumb၊ အမေရိကန်ယဉ်ကျေးပညာရှင် Jeff Koons ဗြိတိသျှပန်းချီကျော် David Remfry နဲ့ အမေရိကန်ပေါ့ပ်ဂီတပညာရှင် Wdward Ruscha တို့ပဲဖြစ်ပါတယ်။ (၂၀၁၀)ပြည့်နှစ်မှာ ကမ္ဘာကျော် ဒစ္စနေကုမ္ပဏီကထုတ်တဲ့ Alice in Woderland ကာတွန်းရုပ်ရှင်အတွက် ကျောက်မျက် အတွဲအစပ်တွေ ဆင်မြန်းပေးခဲ့ပါတယ်။

အဲလစ်ဇဘက်ဘုရင်မကြီးက ဘက်ကင်ဟမ်နန်းတော်၌ OBE ဂုဏ်ထူးချီးမြှင့်စဉ်



အပ်နှင်းခံရသောဆုများ နှင့် ဂုဏ်ပြုခံရမှုများ

- Designer of the Year (Viacom Media Network ရုပ်သံနှင့်/Vogue မဂ္ဂဇင်း) ၂၀၀၀
- Woman of Courage (ကင်ဆာတိုက်ဖျက်ရေးလှုပ်ရှား၍အပ်နှင်းခံရသည်။) ၂၀၀၀
- The Glamour Award for Best Designer of the Year ၂၀၀၄
- Star Honoree at the Fashion Group International Night of the Stars ၂၀၀၄
- Organic Style Woman of the Year Award ၂၀၀၅
- Elle Style Award for Best Designer of the Year Award၂၀၀၇
- Best Designer of the Year at the British Style Awards ၂၀၀၇
- Best Designer of The Year at the Spanish Elle Awards ၂၀၀၈
- Green Designer of the Year at the ACE Awards၂၀၀၈
- တိုင်းမ်မဂ္ဂဇင်းကြီး၏ လွှမ်းမိုးသူ(၁၀၀)စာရင်းဝင်၂၀၀၉
- Glamour magazine Woman of the Year၂၀၀၉
- Red Carpet Award by the British Fashion Council ၂၀၁၁
- Officer of the Order of the British Empire (OBE) ၂၀၁၃

ကျွန်တော်လစဉ်တင်ဆက်ပေးနေတဲ့ ဖက်ရှင်ဒီဇိုင်နာများဟာဖြင့် မျိုးဆက်သစ်များအားကျ အတုယူစရာ ပုဂ္ဂိုလ်များပါပဲ။ အခု စက်တင်ဘာလ (၁၃)ရက်နေ့ဟာဆိုရင်တော့ စတယ်လာ မက်ခါ့နီရဲ့ မွေးနေ့ မင်္ဂလာဖြစ်တာမို့ ပျော်ရွှင်ဖွယ်မွေးနေ့ပါလို့ဆုမွန်ချွေရင်း မိုးနှောင်းရာသီကို ဒီမှာတင်နှုတ်ဆက်လိုက်ပါရစေလားဗျာ။

ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇၊ ဩဂုတ်

#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#StellaMcCartney

Comments