မွေးဖွားခဲ့ပြီ
ထွေးချီပွေ့သိပ်
အေးရိပ်မေတ္တာ မာတာအမိ
ပြုံးဘိမျက်နှာ
ရင်မှာရွှင်လန်း
ပင်ပန်းမရှိ
စောင့်ကြည့်ကျွေးမွေး
ကလေးလေးကို
နို့ချိုလည်းတိုက်
ခြင်ကိုက်မခံ ဘေးရန်မခ
မဝအိပ်ရေး သူ့ဘေးဆီမှာ
သိပ်ကာစဉ်မြဲ
စောင့်ရှောက်ဆဲပင်
နှိုင်းယှဉ်မရှိ
မိခင်မေတ္တာ မြေပမာ။
ကြီးပြင်းခဲ့ပြီ
ဘယ်ဆီကိုများ
ပြေးလွှားပါလိမ့် တစိမ့်စိမ့်နှင့်
ပျောက်ဖြင့်မခံ
မချန်ဘယ်သွား
သူ့ခါးပေါ်မှာ
ချီကာထားလျက်
ရင်ဘတ်ကိုကော့
ပြုံးမော့မော့ဟန်
ကြွားပြန်လေသည်
ဒီမယ်မြင်လား ကျုပ်သွေးသား။
လူကြီးခဲ့ပြီ
အတည်စီးပွား
မယားလင်ယူ အိမ်ထူဥစ္စာ
ပညာလည်းစုံ
ကြီးကုန်လေလျှင်
ကြည့်မြင်အတိတ် အရိပ်ပမာ
မေတ္တာများရှင် မိခင်ကျေးဇူး
အထူးတင်ရှိ သတိမမေ့
ညနေ့မပြတ်
မှန်းလျက်ရှိခိုး
မြတ်နိုးစိတ်ထား
နှုတ်အားဖြင့်ချို
ကိုယ့်ကိုယ်ကလည်း
အမြဲပေးဆပ်
တုံအပ်မေတ္တာ ထာဝရပင်
ကျေးဇူးရှင်။
ကောလိယ ဝေယံမောင်မောင်
၂၄.၁.၂၀၁၆ ၊ ညနေ (၄းဝဝ)နာရီ

Comments
Post a Comment