ဆိုင်တွေမှာ ကြက်သောက်စမ်း၊ ငါးသောက်စမ်း၊ ထမင်းဆီစမ်း စသဖြင့်ရေးထားရင် စားသုံးသူကို ‘သောက်စမ်း’ လို့အော်ငေါက်ပြီး အတင်းသောက်ခိုင်းနေသလိုပါပဲ။ ဘာ့လို့လဲဆိုတော့ ‘စမ်း နဲ့ ဆမ်း’ လွဲနေလို့ပါ။ ဒီ(၂)လုံးက အဓိပ္ပာယ်တင်မဟုတ်ဘဲ အသံထွက်ပါ မတူကြပါဘူး။
• ကြက်သောက်စမ်း (မှား)
‘စမ်း’ ဆိုတာ စေခိုင်းခြင်းဖြစ်ပါတယ်။ တိုက်တွန်းပြောဆိုရင် စမ်းကိုသုံးရတယ်။ ‘စေ’နဲ့ အဓိပ္ပာယ်ဆင်တယ်။ ‘လုပ်စမ်း’ နဲ့ ‘လုပ်စေ’ အဓိပ္ပာယ်တူတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်အသုံးနှုန်းက ‘စမ်း’ ရဲ့နောက်မှာ စကားလုံးတစ်လုံးမပါရင် သူစိမ်းနဲ့ပြောတဲ့အခါ အာဏာရှင်ဆန်တာ၊ အမိန့်ပေးတာ၊ ရင့်သီးတာ၊ ရိုင်းတာမျိုး ဖြစ်သွားတယ်။ မိသားစုချင်းကျ လူကြီးကလူငယ်ကို ‘သမီးရေ၊ အဖေ့ကိုဒါလေးဖတ်ပြစမ်း’ ဆိုတာက ကိစ္စမရှိဘူးပေါ့။
သူစိမ်းတွေကိုကျ ‘စမ်း’ နဲ့ပြောရင် ရိုင်းသွား၊ ရင့်သွားပြီ။ တစ်ချိန်ကတော့ လူကြီးတွေသုံးတဲ့ မရိုင်းတဲ့စကားလုံးပေမဲ့ ဒီနေ့ခေတ်ကျတော့ နားဝင်မချိုတော့ဘူး။ ဒါ့ကြောင့်မို့ ‘သောက်စမ်း၊ ဆီစမ်း’ ဆိုတာတွေက စားသုံးသူကို အမိန့်ပေးစေခိုင်းနေသလို ဖြစ်နေတာပေါ့။
• ကြက်သောက်ဆမ်း (မှန်)
‘ဆမ်း’ ဆိုတာ အပေါ်ကနေ လောင်းတာ၊ ဖျန်းတာပါ။ ထမင်းဆီဆမ်း၊ မိုးဆမ်းပန်း၊ ပျားရည်ဆမ်းခရီး၊ ပေါင်မုန့်အုန်းနို့ဆမ်း စသဖြင့်သုံးပါတယ်။ ဒါ့ကြောင့် ကြက်ပဲ သောက်ဆမ်းဆမ်း၊ ဝက်ပဲ သောက်ဆမ်းဆမ်း၊ ငှက်ပဲ သောက်ဆမ်းဆမ်း 'ဆလိမ်မသတ်' နဲ့ဆမ်းမှသာ မှန်ပါတယ်ဗျာ။
ကောလိယ ဝေယံမောင်မောင်
၃.၁.၂၀၂၄
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်
Comments
Post a Comment