ကောလိယ ဝေယံမောင်မောင်
ဝါလကင်းလွတ် သီတင်းကျွတ်မှာ မိုးလွတ်လေလွတ်စွာနဲ့ ဆောင်းရာသီကိုကူးပြောင်းလာပါပြီ။ ကမ္ဘာ့ဖက်ရှင်လောကမှာတော့ ဒီလိုဆောင်းဦးမှာဝတ်တဲ့ဝတ်စုံတွေကို Fall Winter Fashion လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ နိုင်ငံခြားနဲ့မတူတဲ့ မိုးရာသီဆိုတဲ့ ရာသီသီးသန့််ရှိတာမို့ အခုလိုမိုးနှောင်းဆောင်းတွင်းမှာ ဒီဇိုင်နာများစိတ်ကြိုက် ဒီဇိုင်းထွင်မယ်ဆိုရင် တစ်မူကွဲတဲ့ မြန်မာ့ဖက်ရှင်တွေ ထွက်လာဖွယ်ရာရှိပါတယ်။
အရင်လမှာတော့ ဒီဇိုင်နာ
Stella McCartney (စတယ်လာ မက်ခါ့နီ) အကြောင်းတင်ဆက်ခဲ့တာပါ။ ဒီလမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက
ကွယ်လွန်ခဲ့ရှာပြီဖြစ်တဲ့ The First American Couturier လို့သတ်မှတ်ခံရတဲ့ ဒီဇိုင်နာကြီး
Main Bocher (မန်းဘိုရှေး) အကြောင်းတင်ဆက်ပါ့မယ်။ သူ့နာမည်အသံထွက်ကို Man - bo - shay လို့ မကြာခဏထွက်နေကြပေမဲ့
အသံထွက်အမှန်က မန်းဘိုရှေး ဖြစ်ပါတယ်။
| မန်းဘိုရှေး ဖက်ရှင်တံဆိပ် |
ငယ်ဘဝ၊ ပညာရေးနှင့် အလုပ်အကိုင်အချို့
မန်းဘိုရှေးကို ၁၉၈၀ပြည့်နှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့မှာ
မွေးဖွားခဲ့ပါတယ်။ ဇာတိက Chicago (ရှီခါးဂို)မြို့ဖြစ်ပါတယ်။ နာမည်ရင်းက Main Rousseau Bocher ဖြစ်ပါတယ်။ ကျောင်းတက်တော့ Lewis
Institute မှာပါ။ အဲဒီကျောင်းက အခုအချိန်မှာ အီလီနွိုက်စ်တက္ကသိုလ် (Illinois
Institute of Technology) ဖြစ်သွားပါပြီ။ မန်းဘိုရှေး နောက်ထပ်တက်ခဲ့တဲ့ကျောင်းကတော့ Chicago Academy of Fine Arts ဖြစ်ပါတယ်။
၁၉၀၉ခုနှစ် နယူးယောက်မြို့တော်မှာ Art Students League မှာပညာသင်ဖို့ ရှိခါးဂိုမြို့ကနေ
ထွက်လာခဲ့တယ်။
သူက ဘယ်သံကောင်းတဲ့ ပြဇာတ်အဆိုတော်လဲ လုပ်ခဲ့ဖူးရဲ့။
ဒါပေမဲ့ ပွဲဦးထွက်ညမှာ အသံပျောက်သွားလို့ အဲအလုပ်ကိုစွန့်လွှတ်ခဲ့ရဖူးပါတယ်။ ဒီဇိုင်းပညာမှာလဲ
ပုံစံကျမသင်ခဲ့ရဘဲ ကိုယ့်ဘာသာလေ့လာသင်ယူရင်း အကျော်ဇေယျဒီဇိုင်နာကြီး ဖြစ်ခဲ့တာပါ။
| ဝတ်စုံပြင်ဆင်နေသော မန်းဘိုရှေး (Main Bocher) |
ဖက်ရှင်မဂ္ဂဇင်းစာတည်းဘဝ
မန်းဘိုရှေးက
နယူးယောက်မှာ Art Students
League မှာပညာတစ်ဖက်သင် တစ်ဖက်မှာလဲ ကျောက်ပုံနှိပ်တိုက်မှာလုပ်ကိုင်ရင်း သူရဲ့ခဲခြစ်ကောက်ကြောင်း
ဖက်ရှင်ဒီဇိုင်းပုံတွေကို ပြသခွင့် ရလာခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေနဲ့နှမကိုခေါ်ပြီး
ပြင်သစ်ပြည်ကို သွားနေဖြစ်ပါတယ်။
မန်းဘိုရှေး
ဖက်ရှင်ဒီဇိုင်နာမဖြစ်မီ ၁၉၁၇ခုနှစ်
ပထမကမ္ဘာစစ်အတွင်းမှာ ပါရီက Ambulance Core နဲ့ အမေရိကန်စစ်တပ်မှာ
အမှုထမ်းခဲ့ပါတယ်။ ၁၉၁၉မှာ အမေရိကန်စစ်တာဝန်ထမ်းဆောင်မှု ပြီးဆုံးခဲ့ပါတယ်။ ၁၉၂၁ခုနှစ်ကနေ
၁၉၂၉ခုနှစ်အထိ ပြင်သစ်ပြည်မှာနေပြီး အမေရိကန်ထုတ် အမျိုးသမီးဖက်ရှင်မဂ္ဂဇင်း Harper's
Bazaar အတွက် ဖက်ရှင်ဒီဇိုင်းရေးဆွဲသူအဖြစ် လုပ်ကိုင်ပေးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်
ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue အတွက်လဲ ဖက်ရှင်ဒီဇိုင်း ရေးဆွဲပေးခဲ့ရပါတယ်။ ဒီလိုလုပ်ကိုင်နေရင်း
၁၉၂၃မှာ ပြင်သစ်မူနဲ့ထုတ်ဝေတဲ့ Vogue မဂ္ဂဇင်းရဲ့ စာတည်းဖြစ်လာခဲ့ပါတယ်။ မဂ္ဂဇင်းမှာ စာတည်းလုပ်နေစဉ်မှာပဲ ဖက်ရှင်ပုံစံတွေဖန်တီးသူလုပ်ဖို့
ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ သူ့ရဲ့ ဆန်းစစ်ဝေဖန်နိုင်တဲ့ မျက်လုံးတွေ၊ ဖက်ရှင်ခံစားမှုတွေက
သူ့ကို ဒီဇိုင်နာကြီးတစ်ယောက်ဖြစ်စေခဲ့တာပါပဲ။
| ၂၀၁၆ သြဂုတ်လကကျင်းပခဲ့သော Main Bocher (မန်းဘိုရှေး) ဝတ်စုံများပြပွဲ |
ဒီဇိုင်နာဘဝ
မန်းဘိုရှေးက ကိုယ်ပိုင်ဝတ်စုံတိုက်ဖွင့်ချင်တာနဲ့
၁၉၂၉ခုနှစ်မှာ မဂ္ဂဇင်းစာတည်းအလုပ်ကနေ ထွက်လိုက်ပါတယ်။ ပြီးတော့ ဖောက်သည်တစ်ဦးနဲ့စာချုပ်ချုပ်ပြီး
ဂျော့(၅)ရိပ်သာ၊ အမှတ်(၁၂)မှာ သူ့ ဖက်ရှင်တိုက်ကို အမြန်ဆုံးဆောက်လိုက်ပါတယ်။ အဲဒီမှာ
သပ်ရပ်ကျော့မော့ပြီး ဂန္ထဝင်ဆန်တဲ့ ဖက်ရှင်တွေ ချုပ်လုပ်ရောင်းချပါတယ်။ သူ့ရဲ့ဖက်ရှင်အုပ်စုတွေပို
တစ်နှစ်(၄)စုပြသခဲ့ပါတယ်။
အစောဆုံးလက်ရာတွေမှာ ပိတ်စကို ထောင့်တန်းဖြတ်ချုပ်ထားပြီး
လျှောကျနေတဲ့အဆင်ဒီဇိုင်းနဲ့ ညနေခင်းဝတ်စုံတွေ၊ နေ့လယ်ခင်းလက်ဖက်ရည်ချိန်ဝတ် ဝတ်စုံတွေပါဝင်ပါတယ်။
မန်းဘိုရှေး ဆန်းသစ်ထားတဲ့
ဖက်ရှင်တွေထဲမှာ ညနေခင်းဝတ်စုံတွေ၊ ပခုံးကြိုးမဲ့ ညနေခင်းဝတ်စုံတွေ၊ ပုတီးစေ့ တပ်ထားတဲ့
ဆွယ်တာတွေ၊ ပခုံးလျှောပြတ်ဝတ်စုံတွေ၊ သားမွေးထည်တွေ၊ ဒူးရှည်ဂါဝန်၊ စကတ်ရှည် စတာတွေ
ပါဝင်ပါတယ်။
၁၉၄၀ပြည့်နှစ်ရောက်တော့ နယူးယောက်မြို့မှာ
ဖက်ရှင်တိုက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲနှစ်မှာ Warner Brother အမျိုးသမီးကိုယ်ကျပ်အင်္ကျီကုမ္ပဏီအတွက်
တီထွင်ဖန်တီးပေးဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ အမေရိကန်မှာ အမျိုးသမီးရေတပ်စခန်းရှိပါတယ်။
၁၉၄၂မှာ အမျိုးသမီးရေတပ်စခန်းဝတ်စုံသုံးမျိုး ချုပ်လုပ်ပေးခဲ့ရပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရချိန်
၁၉၄၈ခုနှစ်မှာ အမေရိကန်အမျိုးသမီးကင်းထောက်အဖွဲ့ဝတ်စုံ ဖန်တီးပေးရ ပြန်ပါတယ်။ နောက်တစ်နှစ်မှာတော့
Chicago’s Passavant Memorial Hospital အတွက် သူနာပြုဝတ်စုံတွေ
ချုပ်လုပ်ပေးခဲ့ရပါတယ်။
| ယနေ့ထိထိန်းသိမ်းထားရှိသော လက်ဖောင်းဂါဝန်တစ်ထည် |
ကျော်ကြားခဲ့သော သတို့သမီးဝတ်စုံပြာ
ထင်ရှားတဲ့ဝတ်စုံတစ်ခုကိုပြောပါဆိုရင် အပြာဖျော့ရောင်
သတို့သမီးဂါဝန်အကြောင်းပါ။ ဒီဝတ်စုံက အင်္ဂလန်ဘုရင် Edward VIII နဲ့ Wallis Simpson တို့ ၁၉၃၇ ဇွန်လ(၃)ရက်နေ့ကထိမ်းမြားစဉ်
ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။ ကြမ်းပြင်ထိရှည်လျားတဲ့ အလွန်လှတဲ့ဝတ်စုံလေးပါ။ ဒီဝတ်စုံရဲ့
ခါး၊ လက်ကောက်ဝတ် တို့မှာ ကြယ်သီးလေးတွေနဲ့ အသေးစိတ်ဖန်တီးခဲ့ရပါသတဲ့။ မန်းဘိုရှေးက “ကျွန်တော်ဒီဝတ်စုံကို
Wallis အပြာလို့ နာမည်ပေးထားပါတယ်။ အဲဒီအပြာဟာ ဘယ်မှာမှ နမူနာမရှိသေးတဲ့အပြာပါ” လို့
ပြောဖူးပါတယ်။
Wallis Simpson တော်ဝင်မင်းသမီးရဲ့ မျက်လုံးအပြာရောင်ဝတ်စုံလို့
ကျော်ကြားပါတယ်။ သူ့ခေတ် သူ့ခါမှာ ဒီဝတ်စုံဟာ လှပလွန်းတဲ့အတွက် အမေရိကန်တစ်ခွင် ကူးယူကြတဲ့အထိဖြစ်လာပါတယ်။
ပြီးတော့ (၂၀)ရာစုရဲ့ ဓာတ်ပုံအရိုက်ခံရဆုံးဝတ်စုံတစ်စုံ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာကျော်ဝတ်စုံဖြစ်တာမို့
Wallis & Edward ဆိုတဲ့ရုပ်ရှင်ရိုက်ကူးပြီး (၂၀၀၅)ခုနှစ်မှာ ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။
စာဖတ်သူများ Wallis & Edward (2005) ဆိုတဲ့ရုပ်ရှင်ကို ရှာဖွေကြည့်ရင် နှစ်ခြိုက်ကြမှာပါ။
| Wallis Simpson က အင်္ဂလန်ဘုရင် Edward VIII နှင့်ထိမ်းမြားစဉ်က ဝတ်ဆင်ခဲ့ပုံ |
| Wallis & Edward ရုပ်ရှင်၌ ပြန်ဖန်တီးထားသောဝတ်စုံ |
| ဂန္ထဝင်ဆန်ခဲ့သောဝတ်စုံများ |
မန်းဘိုရှေး၏နောက်ဆုံးခရီး
ဖက်ရှင်ဒီဇိုင်နာ မန်းဘိုရှေးဟာ ဖက်ရှင်ဦးဆောင်သူစစ်လှပါတယ်။
အသက်(၈၁)နှစ်ရောက်ခါမှ ဖက်ရှင်လုပ်ငန်းကနေ အနားယူခဲ့တာပါ။ တွက်ကြည့်ရင် သူ့ရဲ့ဖက်ရှင်လုပ်ငန်းတာဝန်တွေကို
နှစ်(၅၀)တိတိ လုပ်ပြီးမှနားတာပါ။ တကယ်အတုယူစရာပါပဲ။ ၁၉၇၁ကနေ ၁၉၇၆အထိ ဂျာမနီပြည် မြူးနစ်မြို့နဲ့ ပြင်သစ်ပြည် ပါရီမြို့တို့မှာနေထိုင်ရင်း
အသက်(၈၆)နှစ်အရွယ်၊ ၁၉၇၆ခုနှစ်၊ ဒီဇင်ဘာ(၂၇)ရက်နေ့မှာ အနိစ္စရောက်ခဲ့ ရှာပါတယ်။ သူက
တော်ဝင်မင်းသမီးဒိုင်ယာနာ၊ မင်းသမီးကြီး Claudette Colbert တို့ကအစ နယ်ပယ်စုံက ကျော်ကြားသူတွေအတွက်
ဖက်ရှင်တွေတီထွင်ပေးခဲ့ရလို့ အားပေးချီးမြှောက်မှုများစွာ ရခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့
ကွယ်လွန်ချိန်ထိတော့ လုပ်ငန်းအမွေဆက်ခံသူတစ်ဦးမှ မထားခဲ့ပါဘူး။
| နယူးယောက်မြို့ ဖက်ရှင်အောင်မြင်ခြင်းလမ်းမထက်က မန်းဘိုရှေး (Main Bocher) အမည်ကဗ္မည်း |
| မန်းဘိုရှေး (Main Bocher) (၈၄)နှစ်အရွယ် ၁၉၈၇ခုနှစ် ပါရီမြို့၌တွေ့ရစဉ် |
| ယနေ့ခေတ်၌ ပြန်လည်ချုပ်လုပ်ထားသောဝတ်စုံ |
ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာကြီး
Christian Dior (ခရစ္စတီးယန်း ဒီယော) ကပြောခဲ့ဖူးတယ်။ “မန်းဘိုရှေးဟာ ကျွန်တော်တို့အတွက် ဧကန်အဆင့်မြင့်သူတစ်ယောက်ပါ။
ဘာလို့လဲဆိုတော့ အမေရိကန် တစ်ပြည်လုံးမှာ အဆင့်မြင့်တာတွေဖန်တီးသွားခဲ့တယ်လေ”တဲ့။ ဒါ့အပြင်
၂၀၀၂ခုနှစ်မှာ မန်းဘိုရှေးဆိုတဲ့
အမည်နာမကို နယူးယောက်ရဲ့ ဖက်ရှင်အောင်မြင်ခြင်းလမ်းမထက်မှာ
ကဗ္မည်းတင်ခဲ့ပါတယ်။ သူဟာ ဒီနေ့ခေတ်ဒီဇိုင်နာကြီးတွေလို ဆုကြီးကြီးတွေများစွာ မရခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ သူ့ခေတ်က အခုခေတ်လိုဆုကြီးတွေ အများကြီးမရှိခဲ့လို့ ဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇ အောက်တိုဘာ
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#MainBocher
Comments
Post a Comment