၄၆၊ ငြီး၊ ညည်း၊ ညီး



             ငြီး၊ ညည်း၊ ညီး’ တို့ဟာ ဘယ်ဟာသုံးရမလဲလို့ ခွဲရခက်တတ်တဲ့ စကားသုံးလုံးပေါ့။ ဘာလို့လဲဆိုတော့ ‘သံတူကြောင်းကွဲ’ လို့ခေါ်တဲ့ အသံထွက်တွေတူပြီး အဓိပ္ပာယ်တွေ ကွဲနေတာကြောင့်ဖြစ်ပါတယ်။

ငြီး

            မအီမသာကိစ္စတွေမှာ ငြီးကိုသုံးပါတယ်။ ငြီးငွေ့၊ ငြီးစီစီ၊ ငြီးစော်နံ၊ ငြီးနောက်နောက်၊ နားငြီး၊ ရှုမငြီး စသဖြင့်ပါ။


ညည်း

၁၊ အသံထွက်တာ၊ မြည်တာ - ညည်းညူ၊ ညည်းချင်း၊ ညည်းတွား၊ သည်းညည်းခံ၊ ခိုညည်း၊ ချူသံပါအောင်ညည်း။

၂၊ မိန်းမချင်းပြောတာ - ညည်းအေ၊ ညည်းနော်။


ညီး

            ညီးဆိုတာ အလွန်တောက်ပတာကို ဆိုလိုပါတယ်။ ထိန်ညီး၊ လျှံညီး၊ ညီးညီးပြောင်ပြောင်၊ ညိုးညိုးညီးညီး စသည်ဖြင့်သုံးပါတယ်။


မှတ်ချက်

            ‘ငြူစူ’ ဆိုတဲ့စကားလုံးလဲရှိပါတယ်။ မလိုလားတာကိုဆိုလိုပါတယ်။ အဲဒီတစ်လုံးပဲ ညနဲ့မညူဘဲ၊ ငနဲ့ငြူတာကို မှတ်ထားသင့်ပါတယ်။

          'ငြီးညည်းညီး' ကွဲပြားအောင် အောက်ကဝါကျလေးကိုမှတ်ထားပါ။

လျှပ်စစ်မီး ထိန်ညီးနေရင် မညည်းညူ၊ မငြီးငွေ့၊ မငြူစူပါ။”


ကောလိယ ဝေယံမောင်မောင်

၆.၂.၂၀၂၄


#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

Comments