ကာရန်တူလို့ရော၊
အဓိပ္ပာယ်မသိလို့ရော Loyal Customer ကို Royal Customer လို့ မကြာခဏ မှားကြပါတယ်။
Loyal Customer (လွိုင်ယယ် ကတ်စတိုမာ)
‘သစ္စာရှိဖောက်သည်’ လို့ဘာသာပြန်ပါတယ်။ အမြဲအားပေးတဲ့ဖောက်သည်ကို
ဆိုလိုတာပါ။ Loyal Customer နဲ့ Customer Loyalty တို့ဟာမိတ်ဖက်စကားတွဲပါ။ Loyal (လွိုင်ယယ်)
နဲ့ Royal (ရွိုင်ယယ်) ကာရန်တူလို့ လွဲကြတာဖြစ်ပါတယ်။
Customer Loyalty ရဲ့သမိုင်း
စီးပွားရေးစကားမှာ ဖောက်သည်သစ္စာရှိမှု Customer Loyalty ဆိုတာ ရှေးကတည်းကရှိခဲ့တာပါ။ ဖောက်သည်တွေ ကိုယ့်ဆီကအမြဲအားပေးအောင် လုပ်ကြသူထဲမှာ အမေရိကန်ကုန်သည်တစ်ဦးက ထင်ရှားပါတယ်။ ၁၇၉၃တုန်းက သူ့ဆိုင်မှာ ကြေးနီဒင်္ဂါးတို့ လက်မှတ်တို့စသုံးတယ်။ ဒါတွေသုံးပြီး ဈေးလာလာဝယ်ခိုင်းတာပေါ့။ ဒီဓလေ့က ၂၀ရာစုမှာထွန်းကားခဲ့တဲ့ Spend and Get ဆိုတဲ့အစီအစဉ်ရဲ့အစပါပဲ။
၁၉ရာစုနှောင်းနဲ့
၂၀ရာစုမှာကျတော့ ကြေးနီဒင်္ဂါးတွေအဆင်မပြေတော့လို့ တံဆိပ်ခေါင်းတွေ၊
လက်မှတ်တွေ စသုံးလာကြတယ်။ နောက်ပိုင်းမှာ Loyalty Cards တွေပေါ်လာပြန်တယ်။ ၁၉၈၀ပြည့်လွန်
နှစ်တွေမှာတော့ အမေရိကန်လေကြောင်းဌာနက ခရီးသည်တွေမှန်မှန်စီးဖို့ ဆွယ်တယ်။ မိုင်(၂၅,၀၀၀)စီးပြီးရင်
အခမဲ့တစ်ကြိမ် ပြန်စီးခွင့်ပေးတယ်။
နောက်ပိုင်း
တခြားလေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ၊ ဘဏ်တွေမကျန် Customer Loyalty ပိုင်း လုပ်လာကြတယ်။
၂၁ရာစုမှာ ဆက်သွယ်ရေး၊ အင်တာနက်နဲ့ လူမှုကွန်ရက်တို့
နည်းပညာခေတ်ရောက်လာလို့ Customer Loyalty ရဲ့အထွတ်အထိပ်ပါပဲ။ ဒီနေ့ခေတ်မှာ ထိပ်သီးလုပ်ငန်းကြီးတွေကစပြီး
အွန်လိုင်းဈေးသည်မကျန် Loyal Customer ဆိုတဲ့ဝေါဟာရကို သုံးစွဲလာပြီဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
၂၆.၂.၂၀၂၄
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်
Comments
Post a Comment