မြန်မာ့နာမည်တွေမှာ
သိပ်ကိုထူးခြားလေးနက်ပြီး အဓိပ္ပာယ်ရှိတာတွေ များပြားလှပါတယ်။ အဲဒီထဲက တစ်ချက်ကတော့
နာမည်အများစုကိုသိရုံနဲ့ မွေးနံသိနိုင်တာပါ။ ဒီအကြောင်းကို အပိုင်း(၁၈)မှာရေးသားခဲ့ပါပြီ။
အခုတစ်ခါမှာတော့ အဓိပ္ပာယ်ပြည့်ဝလှတဲ့ ‘သက်’ ပါတဲ့အမည်တွေအကြောင်း ပြောပြချင်ပါတယ်။
‘သက်ပိုင်၊ သက်လှယ်၊ သက်ဝေ၊ သက်ထား၊ သက်နှံ၊ သက်နှင်း၊ သက်လျာ’
စတဲ့နာမည်တွေဖြစ်ပါတယ်။
‘သက်’
ဆိုတာ ‘အသက်’ ကိုအတိုရေးထားတာဖြစ်ပါတယ်။ ‘အသက်’ ဆိုတဲ့စကားလုံးပေါ်ခဲ့တာ ရာစုများစွာကြာပါပြီ။
ပုဂံခေတ်၊ မိဖုရားဖွားစောကျောက်စာမှာ “အသက်ရှည်သော၊ အနာမဲ့သော၊ အဆင်းလှသော”
ဆိုပြီးပါတာကို လက်တွေ့ကြည့်နိုင်ပါတယ်။ ဒါဆိုရင် ‘သက်’ ပါတဲ့ နာမည်တချို့ကို လေ့လာကြည့်ရအောင်။
သက်ပိုင်
ဘဝရဲ့အရေးကြီးဆုံးဖြစ်တဲ့
အသက်ကိုပိုင်ဆိုင်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အသက်ကိုပိုင်တဲ့သူဆိုတော့ သက်ပိုင်ပေါ့။
အမျိုးသားအမည်မှည့်လေ့ရှိပါတယ်။ စာပေထဲ၊ သီချင်းထဲလဲပါလေ့ရှိပါတယ်။
ဥပမာ - ရွှေပြည်အေးက
‘သက်ပိုင်’ သီချင်းထဲမှာ ‘မပျက်နိုင်ပါအစဉ် သက်ပိုင်ဒါလင်’ ဆိုပြီးစပ်ထားတာမျိုး။ ကိုတင်အောင်သန်းက
‘မှန်ကြိုက်သူ’ သီချင်းထဲမှာ “လာစမ်းပါအုံးမောင်ရဲ့ မေ့ချစ်တဲ့သက်ပိုင်သက်ပိုင်” ဆိုပြီးစပ်ထားတာမျိုးပါ။
သက်လှယ်
အမျိုးသမီးအမည်
မှည့်တတ်ပါတယ်။ ‘သက်လှယ်’ ကို ‘သက်လယ်’ ဆိုပြီး တချို့မှားရေးကြတာ အလွန်နှမျောစရာပါ။
အသက်ချင်းဖလှယ်တဲ့အချစ်ကို ရည်ညွှန်းတဲ့စကားလုံးတော့ ပျက်စီးတာပေါ့။
သီချင်းထဲမှာဆို သက်လှယ်ကို
တော်တော်သုံးကြတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ ‘စိမ်းမြလျှံခြယ်
အောင်ပင်လယ်’ ထဲမှာ “သက်လှယ်မျက်ခြယ် ဘယ့်နှယ့်လဲကွယ်” ၊ ရွှေတိုင်ညွန့်ရဲ့
‘ရှေးရေစက်’ သီချင်းထဲမှာ “မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ်” ၊ မြို့မငြိမ်းရဲ့ ‘မန်းတောင်ရိပ်ခို’
သီချင်းထဲမှာ “ဇာတိမျက်ခြယ် ကျန်းမာပါသက်လှယ်” စသဖြင့်တွေ့ရသလို ခေတ်ပေါ်တေးရေး ကိုကျော့မှူးကလဲ
သူ့သီချင်းတစ်ပုဒ်ကို ‘မေ့ဘူးကွယ်သက်လှယ်’ လို့
အမည်တပ်ဖူးပါတယ်။
သက်ဝေ
အသက်ကိုတောင်
ပေးဝေနိုင်သူကို ဆိုလိုပါတယ်။ ဒီနာမည်ကိုကျတော့ အမျိုးသား၊ အမျိုးသမီးမရွေး မှည့်တတ်ပါတယ်။
မြို့မငြိမ်းရဲ့ ‘သက်ဝေ’ သီချင်းက ဒီနေ့တိုင်ကျော်ကြားပါတယ်။ သက်ဝေနဲ့ပတ်သက်ပြီး တိုက်တိုက်ဆိုင်ဆိုင်
သီချင်းနှစ်ပုဒ်ကိုလဲတွေရတယ်။ ဗိုလ်ကလေးတင့်အောင်က ‘ဝါကျွတ်ပေါ့သက်ဝေရယ်’ သီချင်းကိုရေးခဲ့ပါတယ်။
ဟင်္သတထွန်းရင်ကလဲ ‘မီးပုံးစိမ်းနဲ့ဧည့်စိမ်း’ သီချင်းမှာ “ဝါကျွတ်ပေါ့သက်ဝေရယ်”
ဆိုတဲ့စာသားကို လှိုင်လှိုင်ဆိုထားပြန်ပါတယ်။
သက်ထား
အသက်ပမာထားရှိသူဖြစ်ပါတယ်။
အမျိုးသမီးအမည် မှည့်လေ့ရှိပါတယ်။ ရွှေညာမောင်ရဲ့ ‘ရွှေပြည်တန်’ သီချင်းထဲမှာ ‘သက်ထားပျိုစင်
အသည်းစွဲကလေးမို့လိုချင်’ ဆိုတာတွေ့ရတယ်။ စံလင်းမှာလဲ ‘သက်ထား’ ဆိုတဲ့သီချင်းရှိသလို
သဟာအောင်ကလဲ ‘မောင့်သက်ထား’ သီချင်းကိုရေးခဲ့ပါတယ်။
သက်နှံ
အသက်ကိုအပ်နှံရသူကို
ဆိုလိုပါတယ်။ စာပေထဲမှာ “သက်နှံကို မတွေ့လေသရွေ့၊
ကြွေမြေ့စေတော့၊ မောင့်စိတ်ကလျှော့ပါဘူး” ဆိုတာတွေ့ရတယ်။ အမျိုးသားအမည်အဖြစ်
မှည့်လေ့ရှိခဲ့ပြီး ဒီနေ့ခေတ်တော့ အမှည့်နည်းပါတယ်။ စာရေးဆရာမ ကြည်ဦးရဲ့အဖေ၊
အနုပညာရှင် ဇာဂနာရဲ့အဘိုးကတော့ ဗိန္ဒောဆရာကြီး ဦးသက်နှံတဲ့။ ဂျာနယ်ကျော်မမလေးရဲ့ ‘မုန်း၍မဟူ’ ဝတ္ထုထဲမှာ ‘ကိုသက်နှံ’
ဆိုတဲ့ဇာတ်ကောင်လဲ ပါပြန်ပါတယ်။
သက်နှင်း
အသက်ကိုအပ်နှင်းရသူလို့
ရည်ရွယ်ပါတယ်။ အမျိုးသမီးနာမည် အမှည့်များပါတယ်။ အမျိုးသားအမည်လဲ ကြားဖူးပါတယ်။ မစန္ဒာရဲ့
‘သက်နှင်းနှင့် သူ၏အရိပ်များ’ ဝတ္ထုလဲရှိတယ်။ စန္ဒရားလှထွဋ်ရဲ့
‘မောင့်မူပိုင်ရှင်’ သီချင်းထဲက “မေတ္တာအသည်းဆက် သက်နှင်းပေးအပ်ချင်” ဆိုတဲ့စာသားကိုဆိုရင်
ပိုလို့ကြားဖူးကြလိမ့်မယ်။
သက်လျာ
အသက်လိုလျာထားသူလို့
အနက်ရပါတယ်။ အမည်တွေမှာတွေ့ရပေမဲ့ သိပ်တော့မများပါဘူး။ အနုပညာရှင်(ဦး)မေတ္တာရဲ့သမီး၊
ကျွန်တော့်တပည့်မလေးအမည်ကတော့ သက်လျာလွင်တဲ့။ သီချင်းတွေမှာ သက်လျာကိုတွေ့ရသလို စာပေမှာလဲတွေ့ရပါတယ်။
ရှေးစာမှာ “ကြောက်ရွံ့သက်လျာ၊ ဆက်ပဏ္ဏာနှင့်၊
စကြာဦးခိုက်၊ ဖူးလာဆိုက်ရှင့်” ဆိုတာရှိပါတယ်။ ဒဂုန်ရွှေမျှားက H. Rider
Haggard ရဲ့ Marie ဝတ္ထုကို ဘာသာပြန်တော့ ‘ချစ်ဦးသက်လျာ’ လို့အမည်မှည့်ခဲ့ပါတယ်။
Comments
Post a Comment