Lilly Pulitzer
| လစ်လီး ပိုးလစ်ဇား (Lilly Pulitzer) ၏ အကျော်ကြားဆုံးဓာတ်ပုံ (၁၉၆၁) |
မင်္ဂလာရှိတဲ့ ဟေမာန်ကာလ
ဆောင်းသမယဖြစ်ပါစေလို့ဆန္ဒပြုပါတယ်။ အခုအချိန်က ရန်ကုန်လို မြန်မာနိုင်ငံအောက်ပိုင်းကလွဲရင်
မြန်မာနိုင်ငံအထက်ပိုင်းမြို့တွေမှာတော့ ဆောင်းဖက်ရှင်တွေခေတ်စားနေ ချိန်ဖြစ်ပါတယ်။
နိုင်ငံခြားမှာတော့ Winter လို့ခေါ်တဲ့ ဆောင်းတွင်းပိုင်းဖြစ်ပြီး တချို့နိုင်ငံမှာဆို
နှင်းတွေ ဖွားဖွားကျနေတာမို့ ဆောင်းဖက်ရှင်တွေ ခေတ်စားနေချိန်ဖြစ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လကတော့ ဖက်ရှင်ဒီဇိုင်နာ မန်းဘိုရှေး (Main Bocher) အကြောင်း တင်ဆက်ပေးခဲ့တာဖြစ်ပြီး ဒီလမှာတော့ နိုဝင်ဘာလမွေးနေ့ရှင်ဖြစ်တဲ့
ပန်းပွင့်အဆင် ရောင်စုံဘုရင်မကြီး လစ်လီးပိုးလစ်ဇား
(Lily Pulitzer) ရဲ့အကြောင်း တင်ဆက်ပေးဖို့ရှိပါတယ်။
| လစ်လီးပိုးလစ်ဇား (Lilly Pulitzer) ဖက်ရှင်အမှတ်တံဆိပ် |
ငယ်ဘဝ
ဒီဇိုင်နာကြီး လစ်လီးပိုးလစ်ဇားကို
၁၉၃၁ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ Roslyn ကျေးရွာမှာ
မွေးဖွားခဲ့ပါတယ်။ ရွာဆိုပေမဲ့လဲ စာရေးဆရာတွေ၊ တေးရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ
ထွက်တဲ့ရွာကြီးဖြစ်ပါတယ်။ လစ်လီးပိုးလစ်ဇားရဲ့
နာမည် အပြည့်အစုံက Lillian Pulitzer
Rousseau ဖြစ်ပြီး ငယ်နာမည်ကတော့ Lillian Lee McKim ဖြစ်ပါတယ်။
ဖခင်က ဆိုရှယ်လစ်သမား Robert V. McKim ဖြစ်ပြီး မိခင်ကတော့ စီးပွားရေးလုပ်ငန်းရှင်
Lillian Bostwick McKim ဖြစ်ပါတယ်။ မွေးချင်းညီအစ်မ သုံးယောက်ထဲကအလတ်ဖြစ်ပါတယ်။
ပညာရေး
လစ်လီးပိုးလစ်ဇား တက်ရောက်ခဲ့တဲ့ အခြေခံပညာကျောင်းကတော့ နယူးယောက်က
Chapin အမျိုးသမီးနေ့ကျောင်းဖြစ်ပါတယ်။ အထက်တန်းကျောင်းပြီးတော့ Miss Porter’s
School လို့ခေါ်တဲ့ ကိုယ်ပိုင်ကောလိပ်မှာဆက်လက်တက်ရောက်ပြီး ၁၉၃၉ ခုနှစ်မှာဘွဲ့ရခဲ့ပါတယ်။
ကောလိပ်အပြီးမှာ နယူးယောက်၊ မန်ဟန်တန်မှာရှိတဲ့ Finch ကောလိပ်မှာဆက်လက်တက်ရောက်ခဲ့ပေမဲ့
ပထမစာသင်နှစ် အပြီးမှာ ဝမ်းဆွဲဆရာမအဖြစ် ဆေးရုံမှာလုပ်အားပေးဖို့ ထွက်ခဲ့လိုက်ပါတယ်။
| လစ်လီးပိုးလစ်ဇား (Lilly Pulitzer) နှင့်သူ့ဆိုင် |
![]() |
Finch ကောလိပ်ကနေထွက်ပြီး
Bronx နယ်က စစ်မှုထမ်းဟောင်းဆေးရုံမှာ Frontier သူနာပြု ဝန်ဆောင်မှုလုပ်ငန်းနဲ့တွဲဖက်ပြီး
ဝမ်းဆွဲဆရာမလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ အိမ်ထောင်ပြုချိန်အရောက်မှာ Herbert (Peter)
Pulitzer Jr. နဲ့ စုံဖက်ခဲ့ပါတယ်။ သူ့ခင်ပွန်းသည်က အမေရိကန်မှာ သတင်းစာ၊ ဂျာနယ်၊ စာပေ၊
ဂီတ ထူးချွန်ဆုတွေကို စတင်ပေးခဲ့သူ သတင်းစာထုတ်ဝေသူကြီး Joseph Pulitzer ရဲ့မြေးဖြစ်ပါတယ်။
လစ်လီးပိုးလစ်ဇားတို့က လက်ထပ်ပြီးမကြာခင်မှာ ဖလော်ရီဒါပြည်နယ်၊ Palm ကမ်းခြေမှာ ပြောင်းနေခဲ့ကြတယ်။
သူတို့က ဖလော်ရီဒါမှာ
ရှောက်တွေ၊ လိမ္မော်တွေ တောအုပ်လိုက်ကြီး
ပိုင်ကြတယ်လေ။ ခြံထွက်အသီးတွေကို ဖျော်ရည်ထုတ်ပြီးတော့လဲ ရောင်းကြသေးတယ်။ အခုလို စီးပွားဖြစ်လုပ်ကိုင်တဲ့
သစ်သီးဖျော်ရည်လုပ်ငန်းကနေပဲ သူ့ကို ပန်းပွင့်အဆင် ရောင်စုံဘုရင်မကြီး လစ်လီးပိုးလစ်ဇားအဖြစ် တွန်းပို့ခဲ့တာပါ။
အကြောင်းရင်းကလဲ ရှိပါတယ်။
ဒီလို အသီးတွေဖျစ်ညှစ်ပြီးဖျော်ရည်လုပ်နေတုန်း
သူ့အဝတ်တွေကို လိမ္မော်သီးရောင်တွေစွန်းသွား ပါလေရော။ အဝတ်တွေက ပုံပျက်ပန်းပျက်ဖြစ်ကုန်တာပေါ့။
ဒါပေမယ့် ပါရမီရှင်ဆိုတော့ အမြင်ကအရှိသား။ သူ့အဝတ်တွေစွန်းတာကို ဖက်ရှင်အမြင်နဲ့ကြည့်လိုက်ပြီး
ရောင်စုံအပွင့်အဆင်ပါတဲ့ အဝတ်အစားတွေကို ဖန်တီးလိုက်တယ်။ အမျိုးသမီးတွေအသည်းစွဲတဲ့
လစ်လီးပိုးလစ်ဇားရဲ့ လက်ပြတ်ဆက်လျက်ဂါဝတ်စကတ်ကို
လူကြိုက်များလွန်းလို့ အများအများကြီးကိုထုတ်ခဲ့ရတာပါ။ ဒါ့ကြောင့်မို့ သူဆုံးဖြတ်လိုက်တယ်။
သူ့ရဲ့ ဖက်ရှင်တွေက ဖျော်ရည်တွေထက်ရောင်းရတာမို့ ဖက်ရှင်ကိုပဲ အဓိကထားဖန်တီးတော့မယ်ပေါ့။
နောက်ဆုံး မှာတော့ ဒီလိုခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကြောင့် သူဟာကမ္ဘာကျော်အမျိုးသမီးဖက်ရှင်ဒီဇိုင်နာကြီး
Lilly လို့ ဖြစ်တည်စေခဲ့ပါတယ်။
| လိမ္မော်ရည် မတော်တဆစွန်းသည်မှစ၍ ရောင်စုံဖက်ရှင်ဖြစ်လာသည်။ |
| သူတို့နေထိုင်ရာ ကမ်းခြေတစ်နေရာ (ပန်းချီ - Christine Hopkins) |
ဖက်ရှင်လုပ်ငန်းဥက္ကဋ္ဌ
လစ်လီးပိုးလစ်ဇားရဲ့ဖက်ရှင်တွေက ဖက်ရှင်ချစ်သူများကို
ယူကျုံးဆွဲဆောင်တာမို့ Lilly Pulitzer, Inc ဆိုပြီး ကိုယ်ပိုင်ဖက်ရှင်တံဆိပ်ကြီးဖြစ်လာခဲ့ပါတယ်။
၁၉၅၉ခုနှစ်မှာ ကုမ္ပဏီဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်။ ပင်မစက်ရုံက မိုင်ယာမီ၊ ဖလော်ရီဒါမှာရှိတယ်။
ပိတ်စတွေကိုတော့ ဖလော်ရီဒါက Key West ကျွန်းမှာရှိတဲ့ Key West လက်ပုံနှိပ်ကုမ္ပဏီကနေ
ထုတ်ပါတယ်။
၁၉၆၀ပြည့်လွန်နှစ်များကနေ
၁၉၈၀အစောပိုင်းခုနှစ်များအတွင်း သူထုတ်တဲ့ အရောင်တောက်၊ အရောင်စုံဖက်ရှင်တွေက တော်တော်ကိုရေပန်းစားခဲ့တယ်။
အမေရိကန်သမ္မတ ကနေဒီ ကတော် Jacqueline Kennedy Onassis ၊ ဂျပန်နိုင်ငံဆိုင်ရာ
အမေရိကန်အမျိုးသမီးသံအမတ်ကြီး Caroline Kennedy တို့ကစလို့ သြဇာညောင်းတဲ့ အမျိုးသမီးခေါင်းဆောင်ပိုင်းတွေကပါ
သူ့ဝတ်စုံမှသူ့ဝတ်စုံ ဖြစ်ခဲ့ကြပါတယ်။ Lilly Pulitzer ရဲ့ နာမည်ကြီးဝတ်စုံတွေထဲက
တစ်ခုကတော့ Jacqueline ညနေခင်းဝတ်စုံဖြစ်ပါတယ်။ သမ္မတကြီးကတော်ရဲ့ ဖက်ရှင်ဆိုတော့ မိန်းမထုထဲမှာလည်း
ရေပန်းစားတယ်လေ။
၁၉၈၄မှာတော့ အထည်ချုပ်လုပ်ငန်းကို ပိတ်ပစ်လိုက်ပါတယ်။
ပြီးတော့ Shift Dress တွေကို မီးဖိုချောင်ကန့်လန့်ကာစတွေနဲ့ ချုပ်လုပ်ဖန်တီးခဲ့ပါတယ်။
ဝတ်စုံဓာတ်ပုံအတွက် မော်ဒယ်ကလဲ တခြားမဟုတ်ဘူးဗျ။ အတန်းဖော်သူငယ်ချင်း သမ္မတကနေဒီကတော်
Jacqueline Kennedy Onassis ပါပဲ။
| လစ်လီးပိုးလစ်ဇား (Lilly Pulitzer) ဝတ်စုံဝတ်ထားသော သမ္မကကနေဒီကတော်တို့ မိသားစု |
နိုးထသက်ဝင် တံဆိပ်ဖက်ရှင်
၁၉၉၃ခုနှစ်မှာတော့
လစ်လီးပိုးလစ်ဇားရဲ့ ဖက်ရှင်အမှတ်တံဆိပ်ကို
Sugartown Worldwide, Inc. က ဝယ်ယူခဲ့ပါတယ်။ ဒီလုပ်ငန်းက သူ့ဖက်ရှင်ကို ပြန်အသက်သွင်းဖို့
စေတနာရှိနေတာကိုး။ လစ်လီးပိုးလစ်ဇားက
ဆိုတယ်။ “သူတို့က ကျွန်မတံဆိပ်ကိုချစ်တယ်။ သူတို့အမေများ၊ အစ်မများကလဲချစ်ကြတယ်လေ။
ပြီးတော့ သူတို့က ကျွန်မတံဆိပ်ကို လမ်းကြောင်းပေါ်ပြန်တင်ပေးချင်ကြတာ” တဲ့။
လစ်လီးပိုးလစ်ဇားက နေ့စဉ်ရုံးတက်ရုံးဆင်းတော့
လုပ်မပေးဖြစ်ပါဘူး။ အဓိကနေရာဖြစ်တဲ့ ဖန်တီးမှု အကြံပေးပုဂ္ဂိလ်၊ ဒီဇိုင်းသစ်၊ ပိတ်စသစ်၊
ဝတ်စုံသစ် ခွင့်ပြုချက်ပေးတာ၊ ဆိုင်တွေမှာရောင်းချတာတွေ အတွက် ဆောင်ရွက်ပေးပါတယ်။ ဒီနေ့ခေတ်မှာတော့ ကုမ္ပဏီကနေ Lilly
Pulitzer Signature စတိုးဆိုင်ပေါင်း (၈၀)လောက်ထိ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။
| အမျိုးသားများအတွက် ဘောင်းဘီရှည်အဆင်ဆန်း |
ထုတ်ကုန်များ
လစ်လီးပိုးလစ်ဇားတံဆိပ်က ဖန်တီးထုတ်လုပ်တာက
အမျိုးသမီးဝတ်အများဆုံးဖြစ်ပြီး၊ ကလေးဝတ်၊ ရေကူးဝတ်စုံ၊ ဖိနပ်၊ လက်ဝတ်ရတနာ၊ အဆင်တန်ဆာ၊
အိပ်ခန်းသုံးပစ္စည်း တွေကိုလဲ ဖန်တီးရောင်းချပါတယ်။ အမျိုးသားတွေအတွက် ဖန်တီးတဲ့ဝတ်စုံဆိုရင်
ကုတ်အင်္ကျီ၊ ဘောင်းဘီတို့က အပွင့်အဆင်တွေ၊ အရောင်တောက်တွေဖြစ်နေပေမဲ့ အမျိုးသားများနဲ့
လိုက်လျောညီထွေလှပါတယ်။ ထူးခြားချက်ကတော့ လစ်လီးပိုးလစ်ဇားက
ဆောင်းရာသီဖက်ရှင်မပါဘဲ အေးမြလှပတဲ့ အရောင်တောက်လေးများနဲ့ နွေရာသီဝတ်စုံ တွေပဲ ထုတ်လုပ်ချင်တာပါပဲ။
၂၀၁၀ပြည့်နှစ်မှာတော့
ကုမ္ပဏီကနေ အထက်တန်းစား မင်္ဂလာဝတ်စုံတွေ ထုတ်လုပ်ရောင်းချခဲ့ပါ တယ်။ လစ်လီးပိုးလစ်ဇားအမြဲလိုက်နာတဲ့ ကိုယ်ပိုင်ဆောင်ပုဒ်ကတော့
"Everything is possible with sunshine and a little pink." တဲ့။ “ဘာပဲထုတ်ထုတ်
နေခြည်ဖြာသလို၊ ပန်းသွေးခြယ်သလို လှပစိုပြည်တဲ့ အရောင်လေး” တွေပါမှသူ့ဖက်ရှင်ပီသပါတယ်။
ဘယ်လောက်တောင် အနုစိတ်လဲဆိုရင် လစ်လီးပိုးလစ်ဇားက မင်္ဂလာဝတ်စုံတိုင်းမှာ ကိုယ်တိုင်ဆေးခြယ်ခဲ့လေရဲ့။ သေချာကြည့်ရင် သူ့လက်ရာကို
ယနေ့တိုင် မြင်တွေ့ရမှာပါ။
၂၀၁၅နွေဦးမှာ
Target ဝက်ဘ်ဆိုက်နဲ့ပူးတွဲပြီး အထည်တွေရောင်းခဲ့တာကိုဆိုရင် နာရီပိုင်းအတွင်း အားပေးခဲ့ကြဖူးတယ်။
ဒါပေမဲ့ ဝယ်လိုအားတွေသိပ်များနေချိန်မှာ ဝက်ဘ်ဆိုက်ချို့ယွင်းသွားလေတော့ ဖက်ရှင်ချစ်သူတွေ
ဒေါသူပုန်ထခဲ့ကြဖူးပြန်တယ်။
| သူ့ဝတ်စုံနှင့် Palm ကမ်းခြေမှအမျိုးသမီးများ (၁၉၆၄) |
ပုဂ္ဂိုလ်ရေးရာ
လစ်လီးပိုးလစ်ဇားရဲ့ ဘဝနေထိုင်မှုအကြောင်း
စာအုပ်တွေထွက်ခဲ့ဖူးတယ်။ တစ်အုပ်က Essentially
Lilly: A Guide to Colorful Entertaining နဲ့ နောက်တစ်အုပ်က Essentially Lilly: A Guide to Colorful
Holidays တဲ့။ သူငယ်ချင်းစာရေးဆရာ Jay Mulvaney က Lilly Pulitzer နဲ့အတူ ရေးသားထားတဲ့စာအုပ်
နှစ်အုပ်ပါ။ လစ်လီးပိုးလစ်ဇားကလဲ စားပွဲတင်ပြက္ခဒိန်အုပ်တွေထုတ်ဖူးတယ်။
Essentially Lilly 2005 Social
Butterfly Engagement Calendar နဲ့ Essentially
Lilly 2006 Party Animal Engagement Calendar ဆိုတဲ့ ပြက္ခဒိန်စာအုပ်တွေပါ။
| ရောင်စုံလမ်းညွှန်စာအုပ် |
၁၉၅၀ပြည့်နှစ်တုန်းက
ခင်ပွန်းဖြစ်လာမဲ့ Herbert
(Peter) Pulitzer Jr. နဲ့ ခိုးရာလိုက်ပြေးဖူးတယ်။ အိမ်ထောင်ကျလာတော့ သားသမီးသုံးယောက်ထွန်းကားခဲ့ပါတယ်။
ဒါပေမဲ့လဲ ၁၉၆၉မှာ ကွာရှင်းပြတ်စဲ လိုက်ကြတယ်။ ပြီးတော့ သူက Enrique Rousseau ဆိုတဲ့အမျိုးသားနဲ့
တစ်ပင်ထူခဲ့ပါတယ်။ အနောက်ပြည်ရဲ့ ထုံးစံအတိုင်း လင်ယောက်ျားရဲ့နာမကို ဇနီးမယားကတပ်ရလို့
နောက်အိမ်ထောင်နဲ့ကျ Lillian McKim Rousseau လို့တပ်ရပေမဲ့ အဝတ်အထည်လုပ်ငန်းကတော့
Lilly Pulitzer ဆိုတဲ့အမည်နဲ့ပဲ ဆက်လက် လည်ပတ်နေခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့အသီးခြံမှာပဲ
ဆက်နေကြပါတယ်။ နောက်ခင်ပွန်းသည်က ၁၉၉၃မှာ မြစ်ပွားနာနဲ့ ကွယ်လွန်ခဲ့ပါတယ်။
| ၂၀၀၄ ခုနှစ်၊ (၇၂)နှစ်အရွယ် လစ်လီးပိုးလစ်ဇား (Lilly Pulitzer) |
| လစ်လီးပိုးလစ်ဇား (Lilly Pulitzer) ၏ အဆင်ဒီဇိုင်းအချို့ |
လစ်လီးပိုးလစ်ဇား နောက်ဆုံးခရီး
လစ်လီးပိုးလစ်ဇား အသက်(၈၁)နှစ်အရွယ်၊ ၂၀၁၃ခုနှစ်၊
ဧပြီလ(၇)ရက်နေ့မှာ အနိစ္စရောက်ခဲ့ပါတယ်။ နာရေးမှာ သူ့သားပီတာက “အမေက စိတ်ပြင်းပြတဲ့အမျိုးသမီးပါ။
ပေးဆပ်ပြီးရင်းပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ ဘာမှပြန်ရခဲ့သူတော့ မဟုတ်ဘူး။ ဒီပုံစံမျိုးနဲ့ပဲ
သူ့ရဲ့ပျော်ရွှင်စရာဘဝကို ပြသခဲ့တာပါ” လို့ ရင်ဖွင့်ခဲ့ပါတယ်။
| စင်မြင့်ထက်က လစ်လီးပိုးလစ်ဇား (Lilly Pulitzer) |
| အလွန်လှပသောဆိုင်ကို ဤသို့တွေ့ရစဉ် |
ကမ္ဘာကျော်ဖက်ရှင်၏ဒီဇိုင်နာကြီး
လစ်လီးပိုးလစ်ဇားကတော့ ကမ္ဘာ့ဖက်ရှင်လောကမှာ
သစ်သီးရည် စွန်းတာကအစပြုတဲ့ ထူးခြားတောက်ပတဲ့ဖက်ရှင်တွေကို အမှတ်အထင်ချပြခဲ့ဖူးလေရဲ့။
ဒီလ(၁၀)ရက်နေ့ ဟာဆိုရင် သူ့မွေးနေ့ပေါ့။ သူမရှိတော့ပေမဲ့လဲ ဖက်ရှင်လောကရဲ့ ပန်းပွင့်အဆင်
ရောင်စုံဘုရင်မကြီးဆိုရင် သူပဲဆက်ဖြစ်နေဦးမှာတော့ သေချာလှပါတယ်ဗျာ။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇ အောက်တိုဘာ

Comments
Post a Comment