ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၂၀၊ ခိတ်စဖိတ်ဒ် (Kate Spade)



          မင်္ဂလာပါခင်ဗျာ။ ရာသီတိုင်း၊ လတိုင်း တင်ဆက်ပေးနေတဲ့ ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ကဏ္ဍတင်ဆက်ခဲ့တာ အပိုင်း(၂ဝ)ကိုရောက်ခဲ့ပါပြီ။ ဆက်လက်ပြီးတော့လဲ ဖက်ရှင်ဒီဇိုင်နာတွေအကြောင်းကို တင်ဆက်ပေးအုံးမှာပါ။ အခုရာသီကတော့ ဆောင်းရာသီမှာ အအေးဆုံးကာလ ဒီဇင်ဘာလမို့ အအေးပိုင်းဒေသ များမှာ ဆောင်းနှင်းဖွေးဖွေး ကျနေပါပြီ။ ကမ္ဘာ့ဖက်ရှင်ဈေးကွက်မှာဆိုရင်လဲ အအေးဒဏ်အခံနိုင်ဆုံး ဖက်ရှင် အဆင်တန်ဆာတွေ ခေတ်အစားဆုံးအချိန်ဖြစ်နေပါတယ်။ ဒီအချိန်မှာဝတ်ရတဲ့ဖက်ရှင်တွေကိုတော့ Winter Fashion လို့ခေါ်ကြပါတယ်။

            အရင်လကတော့ အထည်တွေ လိမ္မော်ရည်စွန်းတာကို ဖက်ရှင်အဆင်ဒီဇိုင်းအဖြစ် ကွန့်မြူးယူခဲ့တဲ့ လစ်လီး ပိုးလစ်ဇား (Lilly Pulitzer) အကြောင်းတင်ဆက်ပြီးတဲ့နောက် အခုလမှာတော့ ဖဲချပ်ထဲက စပိတ်ဒ်ပုံတံဆိပ်နဲ့ ဖက်ရှင်တံဆိပ်ကို တည်ထောင်ထူ ဒီဇင်ဘာလမွေးနေ့ရှင် ဒီဇိုင်နာ Kate Spade (ခိတ်စဖိတ်ဒ်) အကြောင်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

 

ငယ်ဘဝ

            ခိတ်စဖိတ်ဒ်ကို (၁၉၆၂)ခု၊ ဒီဇင်ဘာ(၂၄)ရက်က အမေရိကန်ပြည်ထောင်စု၊ Missouri ပြည်နယ်ရဲ့ အကျယ်ဆုံးမြို့ဖြစ်တဲ့ Kansas City မှာ မွေးဖွားခဲ့ပါတယ်။ သူ့နာမည်တွေက နည်းနည်းများတော့ မျက်စိမ ရှုပ်အောင် ဒီလိုမှတ်နိုင်ပါတယ်။

အမည်                           - Kate Valentine

ငယ်နာမည်                    - Katherine Noel Brosnahan

မှတ်ပုံတင်နာမည်            - Katherine Noel Frances Valentine Brosnahan Spade

ဒီဇိုင်နာအမည်                - Kate Spade

ကမ္ဘာကျော် Kate Spade တံဆိပ်ကား ဖဲသင်္ကေတဖြစ်၏

ပညာရေး

            ခိတ်စဖိတ်ဒ်က ကတ်တလစ်အမျိုးသမီးကျောင်းဖြစ်တဲ့ St. Teresa’s Academy ကနေဘွဲ့ရခဲ့ပါတယ်။ ပြီးတော့ The University of Kansas မှာ ထပ်မံတက်ရောက်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ Arizona State University ကိုပြောင်းတက်ပြီး (၁၉၈၅)ခုနှစ်မှာ သတင်းစာပညာနဲ့ဘွဲ့ရခဲ့ပါတယ်။

(၂၀၁၇) နွေဦးဖက်ရှင် ကြော်ငြာတစ်ခု

အလုပ်အကိုင်အစ

            ခိတ်စဖိတ်ဒ်က (၁၉၈၆)ခုနှစ်မှာ Mademoiselle မဂ္ဂဇင်းရဲ့ အဆင်တန်ဆာဌာနမှာ အလုပ်စလုပ်ခဲ့ပါ တယ်။  Mademoiselle မဂ္ဂဇင်းမှာ အကြီးတန်းစာတည်းနဲ့ အဆင်တန်ဆာဌာနမှူး ရာထူးအထိ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် (၁၉၉၁)မှာ အလုပ်ထွက်ပြီး ခင်ပွန်းသည် အန်ဒီစဖိတ် (Andy Spade) နဲ့အတူ အမေရိကန်၊ အရီဇိုးနားပြည်နယ်က Scottsdale မြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

သူ့ခင်ပွန်း အန်ဒီစဖိတ်ဒ်ဆိုတာ အမေရိကန်သရုပ်ဆောင်၊ လူရွှင်တော် ဒေးဗစ်ဖိတ်ဒ်ရဲ့အစ်ကို ဖြစ်ပါတယ်။ ခိတ်စဖိတ်ဒ်တို့လင်မယားက  အရီဇိုးနားပြည်နယ်၊ ဖီးနစ်(စ်)မြို့ Carter’s Men အမျိုးသားအထည်ဆိုင်မှာ အရောင်းဝန်ထမ်း လုပ်ခဲ့ကြပါတယ်။ အလုပ်ကြိုးစားကြတဲ့ သူတို့နှစ်ယောက်အကြောင်း မဂ္ဂဇင်းထဲမှာတောင် မှတ်မှတ်ရရ ဖော်ပြခံခဲ့ရပါတယ်။ ခိတ်စဖိတ်ဒ်က မဂ္ဂဇင်းမှာလုပ်ကတည်းက လက်ကိုင်အိတ်ဖက်ရှင်ကို ပိုလို့အာရုံစိုက်မိပြီး ကိုယ်ပိုင်တံဆိပ်ထုတ်ဖို့ ဆုံးဖြတ်ထားသူလဲ ဖြစ်ပါတယ်။  

(၂၀၁၆)ကြော်ငြာတစ်ခု


ကိုယ်ပိုင်တံဆိပ်တည်ထောင်

            ခိတ်စဖိတ်ဒ်နဲ့ သူ့ခင်ပွန်း အန်ဒီစဖိတ်ဒ် တို့နှစ်ယောက်ဟာ တက်ညီလက်ညီနဲ့ကြိုးစားလာလိုက်တာ (၁၉၉၃) ဇန်နဝါရီမှာ Kate Spade Handbags ဆိုတဲ့ကုမ္ပဏီကို တည်ထောင်လာနိုင်ခဲ့ပါပြီ။ ကနဦးမှာ လက် ကိုင်အိတ်တွေပဲရောင်းဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အဝတ်အထည်၊ ကျောက်မျက်ရတနာ၊ ဖိနပ်၊ ရေမွှေး၊ မျက်မှန်၊ စာရေးကိရိယာ၊ ကလေးအသုံးအဆောင်ပစ္စည်း၊ စားပွဲခုံ၊ အိပ်ရာနဲ့ လက်ဆောင်ပစ္စည်းအမျိုးမျိုးကိုပါ ထုတ်လုပ် လာခဲ့ပါတယ်။

            ခိတ်စဖိတ်ဒ်ဖက်ရှင်ဆိုင်ကို (၁၉၉၆)ခုနှစ်မှာ မန်ဟန်တန်ဒေသ၊ ဆိုဟိုစီရင်စုမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ထပ် ပြီးတော့ရွှေ့တဲ့နေရာက အနောက်(၂၅)လမ်းမှာပါ။ ဆိုင်ရွှေ့ရတဲ့အကြောင်းရင်းကတော့ လုပ်ငန်းတိုးချဲ့လာနိုင် ခဲ့တာမို့ပါ။ အရင်ဆိုင်က Square Foot (၄၀၀)ပဲရှိပြီး နောက်ဆိုင်က Square Foot (၁၀၀၀) တောင်ရှိသတဲ့လေ။

            သူ့ဖက်ရှင်တွေကို လူကြိုက်ပိုများလာပြီး ပိုပိုရောင်းချလာလို့ (၂၀၀၄)ခုနှစ်မှာ Kate Spade at Home ဆိုတဲ့ အိမ်တွင်းအသုံးအဆောင်နဲ့ အလှဆင်ပစ္စည်းတံဆိပ်ကို ထုတ်ပြန်သတတ်။ အိမ်တွင်းသုံးပစ္စည်းတွေက နံရံကပ်စက္ကူ၊ ရေချိုးခန်းသုံးပစ္စည်း၊ အိပ်ခန်းသုံးပစ္စည်း တကယ်ကိုအစုံအလင်ပါဝင်ပါတယ်။ အိမ်တွင်းသုံး   ပစ္စည်းတွေကို ဖန်တီးရောင်းချရုံတင်မကဘူး သူ့ရဲ့ကိုယ်ပိုင်နေထိုင်မှုပုံစံတွေ၊ အတွေးအမြင်တွေကိုပါ ဝေမျှ   ချင်တဲ့အတွက် Manners, Occasions and Style ဆိုတဲ့စာအုပ်ကိုလဲ  ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ခိတ်စဖိတ်ဒ်က ဖက်ရှင်တွေ၊ လူ့အသုံးအဆောင်တွေကို အခုလိုကွန်ရက်ဖြန့်ခဲ့ရာကနေ (၂၀၀၄)ခုနှစ်မှာ ဂျပန်ပြည်၊ တိုကျိုမြို့ မှာပါ သူ့စတိုးဆိုင်ကိုဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာအဆင့်ကို စတင်ရောက်ရှိလာပါတော့တယ်။

အင်္ဂလန်ပြည် Regent လမ်းရှိဆိုင်ခွဲတစ်ခု

တံဆိပ်အသစ် Frances Valentine

            (၂၀၀၆)ခုနှစ်မှာ ခိတ်စဖိတ်ဒ်တစ်ယောက် သူ့ရဲ့တံဆိပ် Kate Spade ရဲ့ ငွေစုတွေရောင်းချပြီး သမီး ဖြစ်သူကိုမြေတောင်မြှောက်ပေးဖို့ အချိန်လုံးလုံးပေးလိုက်ပါတယ်။ တကယ်ကိုမိခင်ပီသလှသူပါ။ နောင်ဆယ်နှစ် အကြာ (၂၀၁၆)ခုနှစ်မှာတော့ ခိတ်စဖိတ်ဒ်က ဘော်ဒါအပေါင်းအပါများနဲ့ပူးပေါင်းပြီး သူ့တံဆိပ်သစ် Frances Valentine ကို မိတ်ဆက်ထုတ်လုပ်ခဲ့ပါတယ်။ ဒီတံဆိပ်မှာတော့ တန်ဖိုးမြင့်ဇိမ်ခံပစ္စည်းမျိုးကို ဖန်တီးထုတ်လုပ် ထားပါတယ်။ အကောင်းစားဖိနပ်တွေ၊ အကောင်းစားလက်ကိုင်အိတ်တွေ ရောင်းချပါတယ်။ တံဆိပ်နာမည်လေး ကလည်း Frances Valentine တဲ့။ ဒီတံဆိပ်နာမည်ကို မိသားစုဝင်ထဲက နာမည်တွေဖြစ်တဲ့ Frances နဲ့ Valentine ကို စပ်ပြီးမှည့်ခဲ့တာဖြစ်ပါသတတ်။   

ရောင်စုံအသွင် အမျိုးသမီးဖက်ရှင်

Kate Spade & Company အဖြစ်သို့

            (၁၉၉၉)ခုနှစ်မှာ Kate Spade တံဆိပ်နဲ့ငွေစု(၅၆)ရာနှုန်းကို Neiman Marcus Group ကဝယ်ယူခဲ့ပါ တယ်။ Neiman Marcus က (၂၀၀၆)ခုနှစ်မှာ Kate Spade တံဆိပ်ကို ဒေါ်လာ(၁၂၄)သန်းနဲ့ Liz Claiborne In., ဆီရောင်းချပြန်ပါတယ်။ Liz Claiborne Inc., က အခုလိုဝယ်ပြီးတဲ့နောက်မှာ သူတို့ကုမ္ပဏီနာမည်ကို Fifth & Pacific လို့ပြောင်းခဲ့ပါတယ်။

            (၂၀၁၄) ဖေဖော်ဝါရီမှာ Fifth & Pacific ကုမ္ပဏီက သူတို့နာမည်ကို Kate Spade & Company လို့ ပြောင်းခဲ့ပြန်ပါတယ်။ အမှုဆောင်အရာရှိချုပ် William McComb နေရာမှာ Craig A. Leavitt က ပြောင်းလဲ တာဝန်ယူခဲ့ပါတယ်။ (၂၀၁၇)ခုနှစ်၊ မေလမှာတော့ ကမ္ဘာကျော်ဖက်ရှင်တံဆိပ် COACH New York က Kate Spade ကုမ္ပဏီကို (၂.၄)သန်းပေါင်းနဲ့ ဝယ်ယူခဲ့ပါတယ်။

            Kate Spade New York တံဆိပ်က အမေရိကန်ပြည်ထောင်စုအတွင်းမှာတင် လက်လီဆိုင်ပေါင်း (၁၄၀) ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို ဆိုင်ပေါင်း(၂၀၀)နီးပါးရှိပါတယ်။ လက်လီဆိုင်အပြင် သူတို့ပစ္စည်းတွေကို ကမ္ဘာအနှံ့ဆိုင်ကြီး (၄၅၀)မှာ ရောင်းချပေးနေတာပါ။ ဥပမာ ကမ္ဘာ့တံဆိပ်တွေသီးသန့်ရောင်းတဲ့ Bloomingdale’s ၊ Saks Fifth Avenue နဲ့ Neiman Marcus ဆိုင်တို့ဖြစ်ပါတယ်။

(၂၀၁၅)ကြော်ငြာတစ်ခု

(မျက်မှန်နှင့်အဘွားအိုမှာ ၂၀၂၄၊ အသက်၁၀၂နှစ်၌ ကွယ်လွန်ပြီးဖြစ်သော ဒီဇိုင်နာမကြီး Iris Apfel ဖြစ်သည်။)

အနုပညာမိသားစု

အထက်မှာပြောခဲ့သလို ခိတ်စဖိတ်ဒ်က (၁၉၉၄)ခုနှစ်မှာ သရုပ်ဆောင်နဲ့ လူရွှင်တော် ဒေးဗစ်စဖိတ်ဒ်ရဲ့ အစ်ကို အန်ဒီစဖိတ်ဒ်နဲ့ အကြောင်းပါခဲ့ပါတယ်။ (၂၀၀၅)မှာ သမီးလေးတစ်ယောက်ရခဲ့ပြီး အဲဒီသမီးလေးက သရုပ်ဆောင် Frances Beatrix Spade ဖြစ်လာပါတယ်။ သူ့တူမက The Unborn (၂၀၀၉) ရုပ်ရှင်၊ Beautiful Creatures (၂၀၁၃) ရုပ်ရှင်တို့နဲ့ နာမည်ကျော်တဲ့ သရုပ်ဆောင် Rachel Brosnahan ဖြစ်ပါတယ်။

ဘတ်စ်ကားဖြင့်လှည့်လည် အရောင်းမြှင့်တင်စဉ် (၂၀၁၂)

Kate Spade အိမ်တွင်းအလှဆင်ပစ္စည်းများ

အရွယ်စုံမိန်းမသားတို့စွဲမက်ဖွယ် Kate Spade ဖက်ရှင်နှင့်အိတ်များ

အပ်နှင်းခံရသောဆုများနှင့် ဂုဏ်ပြုခံရမှုများ

- အမေရိကန်၏ အဆင်တန်ဆာဖန်တီးမှု အရည်အသွေးဆု
အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများကောင်စီ
(CFDA – Council of Fashion Designers of America) - ၁၉၉၆

- အဆင်တန်ဆာဖန်တီးမှု အကောင်းဆုံးဒီဇိုင်နာဆု
အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများကောင်စီ
(CFDA – Council of Fashion Designers of America) - ၁၉၉၈

- အမေရိကန်၏ အကောင်းဆုံးဒီဇိုင်း ဂုဏ်ထူးဆောင်
(Copper Heitt ပြတိုက်တွင်ကျင်းပသော Kate Spade လက်ကိုင်အိတ်ပြပွဲ ဂုဏ်ပြုခံရသည်။)

- Entrepreneur Hall of Fame သို့ဖိတ်ကြားခံရခြင်း
(Henry W. Bloch စီမံခန့်ခွဲမှုကျောင်း၏ University of Missouri, Kansas City ကျင်းပသည်။) ၂၀၁၇

- စီးပွားရေးတွင်တီထွင်မှု အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခြင်း
(Fast Company ကချီးမြှင့်သည်။) အိမ်တွင်းအလှဆင်ပစ္စည်းများအတွက် ဆု(၃)ဆုအပ်နှင်းခံရသည်။

အိမ်တွင်းအလှဆင်ပစ္စည်းများအတွက် ဆု(၃)ဆုအပ်နှင်းခံရသည်။

- အမေရိကန်ထုတ် House Beautiful အိမ်တွင်းအလှဆင်မဂ္ဂဇင်း၏
Giants of Design Award for Tastemaker ဆု - ၂၀၀၄

- အမေရိကန်ထုတ် Bon Appétit ဖျော်ဖြေရေး နှင့် အစားအသောက်မဂ္ဂဇင်း၏
American Food and Entertaining Award for Designer of the Year ဆု - ၂၀၀၄

- Elle Decor (ခ) Hachette Filipacchi Media U.S., Inc. (HFM U.S.) ၏
Elle Décor International Design Award for Bedding ဆု -၂၀၀၄

 

            ကျွန်တော်လေးစားရတဲ့ ဒီဇိုင်နာတွေထဲမှာ ခိတ်စဖိတ်ဒ်လဲ အပါအဝင်ဖြစ်ပါတယ်။ သူ့ဖက်ရှင်တွေက တစ်မူထူးခြားပြီး ကွဲထွက်နေပါတယ်။ အခု ဒီဇင်ဘာလ(၂၄)ရက်နေ့ဟာလဲ သူ့ရဲ့မွေးနေ့ဖြစ်တာမို့ ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေးဖြစ်ပါစေကြောင်း ဆုမွန်တောင်းပါရစေလားဗျာ။

 

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း

၂၀၁၇ ၊ ဒီဇင်ဘာ


#ကောလိယဝေယံမောင်မောင်
#KawliyaWaiYanMaungMaung
#KateSpade #KateSpadeNewYork #KSNY

 

Comments