၇၉၊ ဝတ်ပြုတာက ဘုရားရှိခိုးတာမဟုတ်



ဘုရားရှိခိုးတာကို ဘုရားဝတ်ပြုတယ်လို့ ပြောကြသလို၊ ဘုရားကျောင်းတွေကိုလဲ ဝတ်ကျောင်းလို့ ပြောတတ်ကြတယ်။ ဒါ့ကြောင့် ဝတ်ပြုတယ်ဆိုတာ ရှိခိုးတယ်၊ ကန်တော့တယ်လို့ အဓိပ္ပာယ်ရှိသလားပေါ့။ တကယ်က မဟုတ်ပါဘူး။

‘ဝတ်’ ဆိုတာ

‘ဝတ္တရား’ ကိုပြောတာဖြစ်ပါတယ်။ ပါဠိစကား ‘ဝတ္တ’ ကနေဆင်းသက်လာတာဖြစ်ပြီး မြန်မာ့ရေးထုံး အတိုင်း စာနှစ်လုံးကို တစ်လုံးဖြစ်အောင်ရေးတော့ ‘ဝတ်’ ဖြစ်လာပါတယ်။ ‘ပြုမြဲတာဝန်’ လို့အနက်ရပါတယ်။ တာဝန်ဝတ္တရားနဲ့ အတူတူပါပဲ။ အင်္ဂလိပ်လို Duty နဲ့ Responsibility ဖြစ်ပါတယ်။ (အဝတ်အထည်၊ ဝတ်ဆင် ဆိုတဲ့နေရာမှာသုံးတဲ့ဝတ်က သတ်သတ်ပါ။)
- မိဘတွေရဲ့တာဝန်ကို မိဘဝတ်
- သားသမီးတွေရဲ့တာဝန်ကို သားသမီးဝတ်
- ဧည့်သည်ကိုဧည့်ခံရင် ဧည့်ဝတ်ပြု
- လိုတာထက်ပိုဧည့်ခံရင် လောကွတ်ချော် (လောကဝတ်လွဲချော်)
- ဘုရားစာပုံမှန်ရွတ်ဖတ်တာကို ဝတ်ရွတ်
စသဖြင့်သုံးနှုန်းကြတယ်။

ဒါ့ကြောင့် ဘုရားရှိခိုးတယ်ဆိုတာ ပုံမှန်ပြုမြဲဝတ္တရားမို့ ဝတ်ပြုတယ်လို့သုံးတာဖြစ်ပါတယ်။ ဒီလိုပါပဲ။ ဘုရားပန်းလဲတာလဲ ဝတ်ပြုတာ၊ ပုတီးစိပ်တာလဲ ဝတ်ပြုတာ၊ ဆွမ်းကပ်တာလဲ ဝတ်ပြုတာဖြစ်ပါတယ်။

ဝတ်ပြုတဲ့ ဝါးချက်ရွာ

မြန်မာပြည်မှာ ဝတ်ပြုတာကိုစွဲပြီး မြို့ရွာအမည်မှည့်တာကို တစ်ခုပဲတွေ့မိတယ်။ အဲဒါက စစ်ကိုင်းအရှေ့ဘက်ကမ်းက ဝါးချက်ရွာပါ။ စစ်ကိုင်းတောင်ရိုးမှာ ဆွမ်းချက်ပေးရတဲ့ရွာပေါ့။ ဆွမ်းချက်တယ် ဆိုတာ ပြုမြဲဝတ္တရားဖြစ်လို့ ဝတ်ချက်တယ်လို့ခေါ်တယ်။ ရွာကလဲ ဝတ်ချက်ရွာပေါ့။ ဝတ်ချက်ကို အသံထွက်အရ ဝါးချက်လို့ထွက်ကြရင်းနဲ့ ဒီနေ့ခေတ်အရေးအသားမှာပါ ဝါးချက်ရွာဖြစ်လာခဲ့တာပါ။

ဘာသာရေးမှာပဲ ဝတ်ပြုတယ်လို့သုံးတာမဟုတ်

ဝတ်ပြုတယ်ဆိုတာ အထက်မှာဖော်ပြခဲ့သလို ဘာသာရေးမှာသာ သုံးတာမဟုတ်ပါဘူး။ ဥပဒေမှာ ကြည့်ရင်တောင် ‘ရာဇသတ်ကြီးပုဒ်မ ၃၅၃၊ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေချိန် ဝတ္တရားနှောင့်ယှက်မှု’ ဆိုတာရှိပါတယ်။ ဒါ့ကြောင့် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးသာမက ဘယ်ကဏ္ဍမှာမဆို လုပ်နေကျဝတ္တရားကိုလုပ်တာကို ဝတ်ပြုတယ်လို့ ပြောလို့ရပါတယ်။

ကောလိယ ဝေယံမောင်မောင်
၅.၅.၂၀၂၄

#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

Comments