အရက်ကြော်ငြာ၊ အရက်ဆိုင်၊ အရက်နဲ့ပတ်သက်တာတွေမှာ ‘ယမကာ’ ဆိုပြီးအမြဲသုံးကြတယ်။ ဒါ့ကြောင့် ‘ယမကာ’ ဆိုတာအရက်ဖြစ်နေတယ်။ ယမကာလို့ပြောတာနဲ့ အရက်ကိုပဲပြေးမြင်ကြတယ်။ ဒါဆိုရင် ယမကာက အရက်လား။ အရက်မဟုတ်ပါဘူး။ အရက်လို့လဲ လုံးဝမသုံးသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ယမကာဆိုတာ ဘာသာရေးအရရော၊ ဝေါဟာအရရော၊ လက်တွေ့ဘဝမှာရော အရက်မဟုတ်လို့ပါ။
ယမကာဆိုတာ
‘ယာမကာလိက’
ဆိုတဲ့ပါဠိကနေ ဆင်းသက်လာပါတယ်။ ဖျော်ရည်၊ သောက်စရာဖြစ်ပြီး အင်္ဂလိပ်လို Beverage ဖြစ်ပါတယ်။
ဟိုတယ်နဲ့ စားသောက်ဆိုင်လောကမှာ အစားအသောက်နှင့် အဖျော်ယမကာ Food
and Beverage (F&B) ဆိုတာရှိတယ်။ ယမကာ (Beverage) ကို Common types of drinks
include plain drinking water, milk, juice, smoothies and soft drinks. လို့ဖွင့်ဆိုတယ်။
သောက်ရေ၊ နွားနို့၊ ဖျော်ရည်၊ ရေခဲမှုန်ဖျော်ရည်နဲ့ အချိုရည် စတာတွေကို ရည်ညွှန်းပါတယ်။
ဘာသာရေးအရလဲ အရက်မဟုတ်
ရဟန်းများသောက်ဖို့
ဗုဒ္ဓပြဋ္ဌာန်းခဲ့တဲ့ ယမာကာကို ယာမကာလိကဝတ္ထု လို့ခေါ်ပါတယ်။
ဒါ့ကြောင့် အရက်မဟုတ်တာ ပိုထင်ရှားပါပြီ။ ရဟန်းများဟာ ကပ်ထားတဲ့ဖျော်ရည်(ယမကာ)ကို မွန်းတည့်ကနေ အရုဏ်တက်အတွင်းသာ သောက်ရတယ်။
ရဟန်းများ ဖျော်ရည်အဖြစ်သောက်အပ်တဲ့
အသီး(၈)မျိုးပါတယ်။ အဲဒါတွေက သပြေသီး၊ သရက်သီး၊
မုဒရက်သီး (စပျစ်သီး)၊ ဖက်သက်သီး၊ သစ်မည်စည်သီး၊ တောငှက်ပျောသီး၊ အိမ်ငှက်ပျောသီး၊ ကြာစွယ် တို့ဖြစ်ပါတယ်။ စားသာစားနိုင်ပြီး ဖျော်ရည်အဖြစ် မသောက်အပ်တဲ့အသီးလဲ
(၈)မျိုးရှိပါတယ်။ အဲဒါတွေက ထန်းသီး၊ အုန်းသီး၊
အိမ်ပိန္နဲသီး၊ တောင်ပိန္နဲသီး၊ ဘူးသီး၊ ဖရုံသီး၊ သခွား
(ဆစ်သီး)၊ သခွား (ပြုတ်သီး)၊ သခွား
(ကြောင်သီး)တို့ဖြစ်ပါတယ်။
အိန္ဒိယမှာ ‘ပနကာ’ ဆိုတာလဲရှိသေးတယ်
ပနကာ ကလဲဖျော်ရည်ပါပဲ။
ပနကန်လို့လဲခေါ်တယ်။ ဒါ့ကြောင့် သက္ကတစာနဲ့ Pāṇaka, Pānakaṃ ဆိုပြီးရေးကြတာ။ သူလဲ အရက်မဟုတ်ဘူး။ ထန်းလျက်၊ သံပရိုသီး၊ ဖာလာ၊
ချင်း စတာတွေနဲ့ ဖျော်ထားတာပါ။ အင်္ဂလိပ်လို
Sweet Drink လို့ဘာသာပြန်လို့ အချိုရည်လို့ခေါ်ရင်ပိုမှန်တယ်။ ခရစ်မပေါ်မီ နှစ်(၁၀၀၀)လောက်
ကတည်းက အိန္ဒိယတောင်ပိုင်းမှာ သောက်ကြပါတယ်။ ရာမဖွားခြင်းပူဇော်ပွဲ Rama Navami မှာ၊
Prasāda လို့ခေါ်တဲ့ ဟိန္ဒူဘာသာရေးပွဲမှာ၊ နွေလတွေမှာ အထူးသောက်ကြတဲ့ ဖျော်ရည်ဖြစ်ပါတယ်။
အရက်နဲ့ပတ်သက်တဲ့ ပါဠိအသုံးအနှုန်း
ငါးပါးသီလမှာ ‘သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ’ ဆိုတာရှိတယ်။
‘သုရာ’ ဆိုတာမူးယစ်စေတဲ့အရည်၊ ‘မေရယ’ ဆိုတာ ကဇော် သို့မဟုတ် ပန်း၊ သစ်သီး၊ ပျားရည်၊
သကာရည်တို့နဲ့ ဖောက်တဲ့အရက်၊ ‘မဇ္ဇ’ ဆိုတာ စိတ်ကိုပြောင်းလဲ မူးယစ်စေတတ်တဲ့အရာမျိုး၊
‘ပမာဒဋ္ဌာန’ ဆိုတာ မေ့လျော့ စေတတ်တဲ့အကြောင်းတွေ ကိုဆိုလိုပါတယ်။
ဒါ့ကြောင့် စိတ်ကိုပြောင်းလဲ၊ မေ့လျော့၊ ယစ်မူးစေတာအကုန် ဒီသီလမှာ အကျုံးဝင်တယ်လို့ မှတ်သားရပါတယ်။ ဘာသာရေးအရကြည့်ရင်လဲ ဒီအုပ်စုထဲမှာပါမှ အရက်လို့ခေါ်ရမှာဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
၁၀.၆.၂၀၂၄
#ကောလိယဝေယံမောင်မောင်
Comments
Post a Comment