ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၂၁၊ ဂျီးန်လန်းဗင် Jeanne Lanvin




            စာဖတ်သူအားလုံးပဲ မင်္ဂလာရှိတဲ့ ခရစ်နှစ်သစ်ပါဗျာ။ တစ်နှစ်ကူးလို့ ‘တစ်နှစ်ကျူးပြန်တော့ အသစ်အ ဖူးဖြစ်ရပြန်ချေ’ ဆိုတဲ့သီချင်းလိုပဲ နှစ်သစ်ကိုပြောင်းတိုင်း အသစ်အသစ်သောဖက်ရှင်တွေ ပေါ်ပေါက်လာချိန်ပါ။ တကယ်နာမည်ကြီးတဲ့ ဖက်ရှင်တံဆိပ်များမှာဆိုရင် ဖက်ရှင်ရှိုးကြီးတွေ၊ ဝတ်စုံအုပ်စုအသစ်တွေထုတ်တတ်တဲ့ အချိန်ဖြစ်ပါတယ်။

            လွန်ခဲ့တဲ့နှစ်ရဲ့ နောက်ဆုံးဆောင်းပါးမှာ ဖဲချပ်ပုံနဲ့ ကမ္ဘာကျော်ဖက်ရှင်တံဆိပ်တည်ထောင်သူ ခိတ်စဖိတ်ဒ် (Kate Spade) အကြောင်းဖော်ပြပေးခဲ့တာပါ။ ဒီလမှာတော့ ရှေးရှေးခေတ်ကတည်းက ကျော်ြကားခဲ့တဲ့ လန်းဗင် (Lanvin) ဖက်ရှင်တံဆိပ်နဲ့ လန်းဗင် (Lanvin) ရေမွှေးတို့ကို တည်ထောင်သူ ပြင်သစ်အမျိုးသမီးဒီဇိုင်နာကြီး Jeanne Lanvin (ဂျီးန်လန်းဗင်) ရဲ့ အကြောင်း ဖော်ပြပေးမှာဖြစ်ပါတယ်။

အမေဒီဇိုင်နာ၊ သမီးအဆိုတော်တို့ ဓာတ်ပုံရိုက်ပြီး ဤတံဆိပ်ဖြစ်ပေါ်လာသည်။

As Young As A New Moon အမည်ရှိ နာမည်ကျော်ဝတ်စုံဒီဇိုင်း

ငယ်ဘဝ

ဂျီးန်လန်းဗင်ကို (၁၈၆၇)ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့က ပြင်သစ်ပြည်၊ ပါရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ နာမည် အပြည့်အစုံကတော့ Jeanne-Marie Lanvin ဖြစ်ပါတယ်။ ဖခင် Constantin Lanvin နဲ့ မိခင် Sophie Deshayes တို့ရဲ့ တစ်ကျိပ်တစ်ယောက်သော သားသမီးထဲကအကြီးဆုံးဖြစ်ပါတယ်။ သူငယ်စဉ်က ဖက်ရှင်လုပ်ငန်းကြီးတွေမှာ အလုပ်သင်ဝန်ထမ်းအနေနဲ့ ဝင်လုပ်ခဲ့ဖူးပါတယ်။ ဒါ တစ်ချိန်မှာ ကမ္ဘာကျော်ဖြစ်လာမဲ့ ဂျီးန်လန်းဗင်ဆိုတဲ့ ကလေးမပါပဲ။

ဂျီးန်လန်းဗင် (Jeanne Lanvin) ဝတ်စုံနှင့် မော်ဒယ်လ် Helen Lyons (၁၉၂၄)


အလုပ်အကိုင်အစ

            ဂျီးန်လန်းဗင် အသက်(၁၆)နှစ်အရွယ် ပါရီမြို့ Madame Félix မှာရှိတဲ့ ဦးထုပ်လုပ်ငန်းမှာ အလုပ်သင် အဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဦးထုပ်ဖန်တီးသူမဖြစ်မီ ပြင်သစ်ဖက်ရှင်ဒီဇိုင်နာမကြီး Suzanne Talbot ဆီမှာ ပညာသင်ယူခဲ့ပါတယ်။ ဖက်ရှင်ဝေါဟာရလေးတစ်ခု လက်ဆောင်ပေးမယ်ဗျာ။ အင်္ဂလိပ်လို ဦးထုပ်လုပ်ငန်းကို Millinery ဒါမှမဟုတ် Hat-making လို့ခေါ်ပါတယ်။ ဦးထုပ်ဖန်တီးသူကိုတော့ Milliner လို့ခေါ်ပါတယ်။

မင်းသမီးကြီး Carlotta Monterey နှင့် ကတ္တီပါအမဲတပ် ခရင်မ်ဖြူရောင်ဝတ်စုံ (၁၉၂၄)
 

ကိုယ်ပိုင်လုပ်ငန်းတည်ထောင်

            ဂျီးန်လန်းဗင်က အဆင့်မြင့်ဖက်ရှင်တိုက် Jeanne Lanvin S.A. ကို (၁၈၈၉)ခုနှစ်မှာ စတည်ထောင် နိုင်ခဲ့ပါတယ်။  Jeanne Lanvin S.A ဆိုတဲ့ ဝေါဟာရမှာ “S.A” ဆိုတာ စပိန်၊ ပြင်သစ်၊ ပေါ်တူဂီ စကားပြောတဲ့ နိုင်ငံတွေမှာသုံးကြပြီး “လီမိတက်ကုမ္ပဏီ” အဓိပ္ပာယ်ရပါတယ်။ ဒါ့ပြင် “သူ၏၊ ၎င်း၏”လို့လဲ အဓိပ္ပာယ်ရ ပါသေးတယ်။ အလုပ်က ပါရီမြို့ Rue du Faubourg Saint-Honoré မှာတည်ရှိပါတယ်။

            သူ့ဖက်ရှင်အမှတ်တံဆိပ်ကလဲ စိတ်ဝင်စားစရာပါ။ တံဆိပ်ဖန်တီးဖို့ တစ်ဦးတည်းသောသမီး နာမည်ကျော် ပြဇာတ်တေးသံရှင် Marie-Blanche de Polignac (ခ) Marguérite နဲ့အတူ ခန်းမကြီးထဲကို ဝင်လာဟန်ပုံစံနဲ့ (၁၉၀၇)ခုနှစ်မှာ ဓာတ်ပုံရိုက်ပါတယ်။ ပြီးမှ အဲဒီပုံအတိုင်း တံဆိပ်ပြန်ဆွဲထားတာဖြစ်ပါတယ်။

(၁၉၀၉)ခုနှစ်မှာ Syndicat de la Couture မှာ လုပ်ကိုင်ရင်း Haute Couture လို့ခေါ်တဲ့ အထက်တန်းစား အဆင့်မြင့်ဖက်ရှင်ပိုင်းတီထွင်သူ ဖြစ်လာခဲ့ပါတယ်။ ဂျီးန်လန်းဗင်က သမီးဖြစ်သူအတွက် ဝတ်စုံတွေ ချုပ်ပေးခဲ့တယ်။ သူ့သမီးက ပြဇာတ်တေးသံရှင်ဆိုတော့ ပရိသတ်များတယ်လေ။ အမေချုပ်ပေးတဲ့ဝတ်စုံတွေက လူတွေကိုဖမ်းစားနိုင်ခဲ့တာပေါ့။  ကြေးရတတ်လူတန်းစားများက သူတို့ကလေးတွေအတွက် ဒီလိုဝတ်စုံတွေနဲ့ ပုံစံတူတွေချုပ်ပေးဖို့ တောင်းဆိုလာကြပါရော။ နောက်တစ်ဆင့်တက်ပြီး အမေတွေအတွက်ပါ ချုပ်ပေးခဲ့ရတယ်။ ဒါ့ကြောင့် ပါရီမြို့ Rue du Faubourg Saint-Honoré လမ်းမထက်ပေါ်က သူ့ဖောက်သည်ဖက်ရှင်ဆိုင်တွေမှာ ဂျီးန်လန်းဗင်ရဲ့ဖက်ရှင်တွေ ကြီးစိုးလာတယ်။ နောက်တော့ သူ့ဖက်ရှင်တွေက ဥရောပတစ်ခွင်ကျော်ကြား လာပါတော့တယ်။

(၁၉၂၃)ခုနှစ်ကနေစတင်ပြီး ဂျီးန်လန်းဗင်က ဆေးဆိုးပန်းရိုက်လုပ်ငန်း ထပ်တိုးလုပ်လာပါတယ်။ Nanterre ခရိုင်ထဲမှာ ဆေးဆိုးပန်းရိုက်စက်ရုံဖွင့်တယ်။ (၁၉၂၀)ပြည့်လွန်နှစ်များမှာ ဂျီးန်လန်းဗင် အမျိုးသား အတွင်းခံဝတ်စုံ၊ သားမွေးဝတ်စုံနဲ့ အမျိုးသမီးအတွင်းခံတို့ကို ဆိုင်ဖွင့်ပြီးထုတ်လုပ်ရောင်းချခဲ့တယ်။

ရှေးရှေးက ဂျီးန်လန်းဗင် (Jeanne Lanvin) ရေမွှေးကြော်ငြာ

Jeanne Lanvin Parfums SA ရေမွှေး

            သူ့ဖက်ရှင်လုပ်ငန်းက အင်မတန်တွင်ကျယ်ပါတယ်။ ဒါပေမဲ့ ဖက်ရှင်ထက် ပိုတွင်ကျယ်တဲ့ ထုတ်ကုန်က ရေမွှေးပါပဲ။ My Sin အမည်ရှိတဲ့ရေမွှေးကို (၁၉၂၅)မှာထုတ်လုပ်ခဲ့ပြီး အဲဒီရေမွှေးက Heliotrope လို့ခေါ်တဲ့ ခရမ်းရောင်ရေမွှေးပန်းရနံ့ကို အခြေခံတီထွင်ထားတဲ့ Animalic-Aldehyde ရေမွှေးတစ်မျိုး ဖြစ်ပါတယ်။ (၁၈၂၇)မှာ ရေမွှေးတစ်မျိုး ထုတ်လုပ်ပြန်ပါတယ်။ ဖန်တီးသူများရဲ့ရေမွှေးဆိုတာ စိတ်ကူးယဉ်ဆန်ဆန်လေးပါပဲ။ ဒီရေမွှေးကို သမီးဖြစ်သူ စန္ဒယားလေ့ကျင့်နေတဲ့ လက်စွမ်းကိုအာရုံထားပြီး ဖန်တီးထားပါသတဲ့။

လုပ်ငန်းခွင်ထဲက ဂျီးန်လန်းဗင် (Jeanne Lanvin)

လက်တွဲလုပ်ကိုင် ဖက်ရှင်မဏ္ဍိုင်

            (၁၉၂၂)ခုနှစ်မှာ ဂျီးန်လန်းဗင်က သူ့ရဲ့ နေရာဌာန၊ ဧည့်ခန်း၊ ရေချိုးခန်း၊ အမျိုးသမီးအလှပြင်ခန်း တို့ကို ပြင်သစ်လူမျိုး ပရိဘောဂနဲ့ အိမ်တွင်းဒီဇိုင်းဖန်တီးသူ Armand-Albert Rateau နဲ့ပေါင်းပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ Armand-Albert Rateau ရဲ့လက်ရာတွေကလဲ တကယ်စံတင်လောက်တာမို့ Museum of Decorative Arts မှာ (၁၉၈၅)ခုနှစ်က ပြန်လည်စုစည်းပြသခဲ့ရပါတယ်။

            ဂျီးန်လန်းဗင်နဲ့ Armand-Albert Rateau တို့နှစ်ယောက် ဆွေသဟာချင်း ရင်းနှီးချစ်ကြည်စွာနဲ့ပဲ လက်တွဲလုပ်ကိုင်ဖြစ်ကြတယ်။ နောက်ပိုင်း Armand-Albert Rateau က ဂျီးန်လန်းဗင်ထုတ် အားကစားဝတ်စုံ အတွက် မန်နေဂျာဖြစ်လာခဲ့တယ်။ ဒါတင်မဟုတ်သေးဘဲ La Boule ဆိုတဲ့ရေမွှေးအတွက်ကိုလဲ ဒီဇိုင်း ဆွဲပေးခဲ့ရတယ်။ ဒီရေမွှေးဘူးတွေပေါ်မှာ သရုပ်ဖော်ရေးဆွဲသူ ပြင်သစ်လူမျိုး Joseph Paul Iribe ရဲ့ ရွှေဆေးရုပ်ပုံ ရိုက်နှိပ်ထားတာဖြစ်ပါတယ်။

ယနေ့ထိ ထိန်းသိမ်းပြသထားသော ဝတ်စုံတစ်စုံ
 

အခက်အခဲများကြားမှ အမျိုးသမီးစွမ်းဆောင်ရှင်

            ဂျီးန်လန်းဗင်က (၁၈၉၅)ခုမှာ အထက်တန်းလွှာတစ်ဦးဖြစ်တဲ့ Count Emilio Pietro နဲ့လက်ဆက်ခဲ့တယ်။ (၂)နှစ်အကြာမှာ တစ်ဦးတည်းသောသမီး နာမည်ကျော်ပြဇာတ်တေးသံရှင် Marie-Blanche de Polignac (ခ) Marguérite ကိုမွေးခဲ့ပါတယ်။ (၁၉၀၃)ခုနှစ်မှာ အိမ်ထောင်ကွဲခဲ့ကြတယ်။ (၁၉၀၇)ခုနှစ်မှာ Les Temps ဂျာနယ်သတင်းထောက်နဲ့ တစ်ပင်ထူခဲ့ပါတယ်။ နောက်ပိုင်း ထပ်မံကွဲကွာခဲ့ရပြန်ပါတယ်။

            ဂျီးန်လန်းဗင်က အမျိုးသမီးလောကရဲ့ စီးပွားရေးဦးဆောင်သူတစ်ဦးဖြစ်ပါတယ်။ သူ့ခေတ်အတိုင်း အတာနဲ့ (၁၉၂၀)ပြည့်နှစ်ကစတင်ပြီး (၁၉၄၆)ခုနှစ် သူကွယ်လွန်ချိန်အထိ ဆိုင်ပေါင်း(၂၁)ဆိုင်၊ အလုပ်အ ကိုင်ပေါင်း (၁၂၀၀) ဖန်တီးပေးနိုင်ခဲ့တဲ့သူပါ။

ပန်းချီဆရာမ Clementine-Hélène Dufau လက်ရာ ဂျီးန်လန်းဗင် (Jeanne Lanvin) ပုံ

နောက်ဆုံးခရီး

            ဖက်ရှင်ဒီဇိုင်နာမကြီး ဂျီးန်လန်းဗင်ဟာ (၁၉၄၆)ခု၊ ဇူလိုင်လ(၈)ရက်နေ့မှာ လွန်ခဲ့ပါတယ်။ သူလွန်ပြီးတဲ့ခါ သမီးဖြစ်သူက ဖက်ရှင်တိုက်ရဲ့ ဒါရိုက်တာအဖြစ်ထမ်းဆောင်ခဲ့ပါတယ်။

လုပ်ငန်းခွင်မြင်ကွင်းတစ်ခု

အပ်နှင်းခံရသောဆုများ

·        National Order of the Legion of Honour ၏ Chevalier ရင်ထိုးတံဆိပ်   ၁၉၂၆

·        National Order of the Legion of Honour ၏ Officer ရင်ထိုးတံဆိပ်       ၁၉၃၈

 

ဝတ်စုံတိုင်းနေစဉ်

သမီးဖြစ်သူ နာမည်ကျော်ပြဇာတ်တေးသံရှင် Marie-Blanche de Polignac

            ကျွန်တော်လေးစားရတဲ့ ဖက်ရှင်ဒီဇိုင်နာကြီးတွေထဲမှာ ဂျီးန်လန်းဗင်လဲ အပါအဝင်ပါ။ အားနွဲ့ တဲ့မိန်းမသားပေမဲ့ အလုပ်တာဝန်တွေ အများကြီးလုပ်နိုင်ခဲ့တယ်။ သမီးဖြစ်သူကိုလဲ အလွန်ချစ်ရှာတယ်။ အိမ်ထောင်ရေးကံမကောင်းလို့ လင်သားနှစ်ဆက်နဲ့ပြတ်ခဲ့ရပေမဲ့ စီးပွားရေးကို မယိမ်းယိုင်စေဘဲ ကမ္ဘာကျော် ဖက်ရှင်တံဆိပ်ကြီးကို တည်ထောင်နိုင်ခဲ့တယ်။ ဒါတင်မကသေးဘဲ ကွယ်လွန်သွားချိန်ထိ သူ့ရဲ့ စီးပွားရေးလုပ်ငန်းကနေ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးခဲ့ပါတယ်။ ခရစ်နှစ်သစ်ရဲ့အစ ဇန်နဝါရီ (၁)ရက်နေ့က သူ့မွေးနေ့ဖြစ်တာကြောင့် သူ့ရဲ့ဖက်ရှင်ပုံရိပ်လေးတွေနဲ့အတူ နှုတ်ဆက်ပါရစေလားဗျာ။

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း၊ ၂၀၁၈ ဇန်နဝါရီ


#ကမ္ဘာကျော်ကြားဖက်ရှင်ဒီဇိုင်နာများ
#ကောလိယဝေယံမောင်မောင်
#JeanneLanvin

Comments