အွန်လိုင်းဈေးသည်များရဲ့
ဈေးရောင်းပို့စ်တွေမှာ ‘ရောင်းပေးမယ်’ ဆိုတဲ့စကားအမြဲတွေ့ရပါတယ်။ ဖတ်မိသူကလဲ ‘သူတို့ရောင်းပေးမှပဲ
ဝယ်ခွင့်ရတော့မှာကျနေတာပဲ’ ဆိုတာမျိုး ပြန်ရေးတတ်ကြတယ်။ ဒါဆိုရင် ဒီအသုံးအနှုန်းက ဈေးရောင်းတဲ့အခါ
ဆီလျော်သလား ဆန်းစစ်ကြည့်ရအောင်။
ပေး
‘ရောင်းပေးမယ်’
ဆိုတဲ့အသုံးမှာ ‘ပေး’ ဆိုတာလေးကိုကြည့်ရအောင်။ ‘ပေး’ ဆိုတာပေးကမ်းတာ။ ထူးခြားတာက မြန်မာ
‘ပေး’ နဲ့ အင်္ဂလိပ် Pay အသံထွက်တူ၊ အနက်တူနေတယ်။ (အင်္ဂလိပ်ကဆင်းသက် တာတော့မဟုတ်ဘူး။)
‘ပေး’မှာ အခြားအနက်တွေလဲရှိသေးတယ်။ ဒါကို အဘိဓာန်အတိုင်းပြောပါ့မယ်။
ကြိယာ
၁၊ အပ်နှင်းသည်။ ရယူပိုင်ဆိုင်စေသည်။
၂၊ တစ်စုံတစ်ရာ တစ်စုံတစ်ယောက်အတွက် ဆောင်ရွက်သည်။
ပစ္စည်း
သူတစ်ပါးကို ဆောင်ရွက်သည့်သဘောကို ပြသောစကားလုံး။
‘ပေး’ ကိုဆန်းစစ်တဲ့အခါ
‘ပေး’
ရဲ့အနက်ဟာ ပေးအပ်တာ၊ ရစေတာ၊ အကျိုးဆောင်တာ စတာတွေ သက်ရောက်ပါတယ်။ ‘ပေး’ ပါတာနဲ့ ဆောင်ရွက်ပေးတဲ့သဘော
ဖြစ်သွားပြီ။ ဥပမာ
- မင်းကွန်းဆရာတော်ကြီး တရားဟောရင် ‘ဟောပေးပါမယ်’
လို့သုံးတတ်တယ်။
- ‘ကာကွယ်ဆေးကို အခမဲ့ထိုးပေးနေပါတယ်’
- ‘ကံထူးရှင်ကို အိမ်တိုင်ရာရောက် အကြောင်းကြားပေးပါမယ်’
- ‘မေတ္တာလက်ဆောင်ပေးတယ်’
- ‘သတင်းများကို တင်ဆက်ပေးပါမယ်’
စသဖြင့်သုံးကြတယ်။
ဒါ့ကြောင့် ‘ပေး’ဆိုတာ
ပေးဆပ်၊ ချီးမြှင့်၊ လှူဒါန်းပေးကမ်း၊ အပေးအကမ်းရက်ရော၊ ပေးလျော်၊ ပေးချေ စတာမျိုးတွေမှာလဲ
ဒီသဘောသက်ရောက်တယ်။ မကောင်းတာဆိုရင်တောင် ‘ဒုက္ခပေးတယ်’ လို့ ပြောတတ်ကြတယ်မဟုတ်လား။
ဈေးရောင်းတဲ့ခါ စဉ်းစားစရာ
ရောင်းတာက
ပေးတာမဟုတ်ပါဘူး။ လုပ်ပေး၊ ပြောပေး၊ ကူညီပေးတာတွေကို ပေးနဲ့တွဲတယ်။ ဒါပေမဲ့ ရောင်းတယ်ဆိုတာကျ ဆောင်ရွက်ပေးတာမဟုတ်လို့ ပေးမသုံးသင့်ဘူး။ ဥပမာ ကျွန်တော့်ကို စာဖတ်သူတွေ၊
အယ်ဒီတာတွေက ဆောင်းပါးတစ်ပုဒ် ‘ရေးပေးပါဆရာရယ်’ လို့ပြောလာတယ်ဆိုပါစို့။ ဒါ့ကြောင့်
ကျွန်တော်က ‘ရေးပေးပါမယ်’ ပြန်ပြောရင်အဆင်ပြေတယ်။ အဲ့လိုမဟုတ်ဘဲ ကျွန်တော့်ဘာသာ ရေးချင်လို့ရေးမှာကို
‘ရေးပေးပါ့မယ်’ ဆိုပြီး အသားလွတ် ပြောလို့အဆင်မပြေဘူး။
နောက်ထပ်
ယှဉ်ပြီးစဉ်းစားကြည့်ရအောင် နမူနာထပ်ပေးပါမယ်။
၂၀၂၀ ကိုဗစ်မှာ ပြည်သူတွေအခက်အခဲဖြစ်နေလို့
လိုအပ်တဲ့ပစ္စည်းတွေကို အလွန်အမင်းဈေးချပြီး ရောင်းပေးတာမျိုးဆိုရင် သုံးသင့်တယ်။
လူတစ်ယောက် မရောင်းတဲ့အရာကို
လိုချင်တဲ့အတွက် ‘ရောင်းပေးပါ၊ ရောင်းပေးပါ’ အတင်းပူဆာလို့ ‘ရောင်းပေးပါမယ်’ တုံ့ပြန်တာက
အဆင်ပြေတယ်။
ကိုယ်တိုင်က စားဝတ်နေရေး၊
စီးပွားရေး၊ ဝါသနာအတွက် ဈေးရောင်းတယ်။ ဒါက အနစ်နာခံမှု၊ ပေးဆပ်မှုတွေနဲ့ ရောင်းတာမဟုတ်ဘူးဆိုရင်ကျ
‘ရောင်းပေးမယ်’ ဆိုတာမသုံးသင့်ဘူးလို့ ဆိုရပါမယ်။
ကောလိယ ဝေယံမောင်မောင်
၂၆.၇.၂၀၂၄
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်
Comments
Post a Comment