၈၂၊ ဂေါပကသည် ဘုရားလူကြီးမဟုတ်

 


            ‘ဂေါပက’ လို့ပြောလိုက်တာနဲ့ ဘုရားလူကြီးအဖွဲ့ကို ပြေးမြင်ကြမှာပါ။ မြန်မာပြည်အနှံ့ ဘုရားတွေမှာ ‘ဂေါပက’ ဆိုင်းဘုတ်ရှိကိုရှိတတ်တယ်။ ဒါဆိုရင် ဂေါပကဆိုတာ ဘုရားလူကြီးလား၊ ဘုရားလူကြီးအဖွဲ့လား။ လုံးဝမဟုတ်ပါဘူး။ ဘုရားကျောင်းကန်တို့ ဘာသာရေးတို့နဲ့ ပတ်သက်တဲ့အဓိပ္ပာယ်လဲ တစ်ခုမှမရပါဘူး။

ဂေါပက

            ဂေါပကရဲ့အဓိပ္ပာယ်က ‘အစောင့်’ ဖြစ်ပါတယ်။ မူရင်းပါဠိစကားကလဲ ဂေါပကပါပဲ။ ပါဠိ-အင်္ဂလိပ် ဖလှယ်တဲ့အခါ Gopaka လို့ရေးပါတယ်။ အင်္ဂလိပ်လို Watchman (ကင်းစောင့်)၊ Guard (အစောင့်)၊ Warden (ကြီးကြပ်သူ)၊ Guardian (စောင့်ရှောက်သူ) စသဖြင့် ဘာသာပြန်ကြပါတယ်။ လိုရင်းကတော့ ဂေါပကဟာ စောင့်ရှောက်ရေးတာဝန် ယူရပါတယ်။

ဘာသာရေး ဝေါဟာရမဟုတ်ဘူး။ 

အပေါ်မှာပြောခဲ့တဲ့အတိုင်း ဘုရားနဲ့ပတ်သက်တဲ့ အရေးအပြောတွေမှာ ‘ဂေါပက’ ကိုအမြဲသုံးတော့ ဂေါပကဆိုရင် ဘုရားလူကြီးလို့ အားလုံးထင်ကြတယ်။ တကယ်က ဂေါပကရဲ့ မူရင်းပါဠိဘာသာမှာကိုက နေရာစုံမှာသုံးတာပါ။ အထောက်အထားပြပေးပါမယ်။

သုသာန်စောင့် - သုသာနဂေါပက

လယ်စောင့် - ခေတ္တဂေါပက

အိမ်စောင့် - ဂေဟဂေါပက

ကျောင်းစောင့်  - ကုဋီဂေါပက

လှည့်လည်စောင့်သူ - စရဂေါပက

စေတီစောင့် - စေတိယဃရဂေါပက

ဆင်ထိန်း - ဟတ္ထိဂေါပက

သစ်ထိန်း - ဒါရုဂေါပက

မှတ်ချက်အနေနဲ့ တစ်ခါတလေမှာ ဂေါပကနဲ့အနက်ဆင်တဲ့ ‘ပါလ’ ကိုအစားထိုးသုံးတတ်ပါတယ်။

ဘုရားပုထိုးနဲ့ ဂေါပက

            မြန်မာမှာ ဂေါပကစကားလုံးကို ဘုရားမှာပဲသုံးတယ်။ ဘုရားဂေါပကကို အင်္ဂလိပ်လို Pagoda Trustee လို့ပြန်တယ်။ စကားလုံးဆိုတာ အလွယ်ခေါ်ရင်း တိုသွားတတ်တယ်။ တိုရာက အဓိပ္ပာယ်ပြောင်းတတ်တယ်။ ‘ဘုရားဂေါပက’ ဆိုတာ ‘ဘုရား’ နဲ့ ‘ဂေါပက’ ပေါင်းထားတာ။ ဘုရားကိုဖြုတ်ပြီး အလွယ်ခေါ်ကြရင်း ‘ဂေါပက’ တစ်လုံးတည်းဖြစ်လာရော။ ဒီတော့ ‘အစောင့်’ အဓိပ္ပာယ်ကနေ ‘ဘုရားလူကြီး’ အဓိပ္ပာယ် ဖြစ်လာတော့တာပါပဲ။ အင်္ဂလိပ်လို Pagoda Trustee ကိုလဲ Pagoda ဖြုတ်ပြီး Trustee လို့ခေါ်လို့မရဘူး။ Trustee ဆိုရင် ‘ယုံကြည်အပ်နှံရသူ’ ပဲဖြစ်သွားလိမ့်မယ်။ ဘုရားဂေါပက ဖြစ်မလာဘူး။

ပုဂံခေတ်က ဘုရားဂေါပက

            ပုဂံခေတ်ကတည်းက ဘုရားဂေါပကရှိခဲ့ပါတယ်။ သူတို့က ‘ဘုရားကျွန်’ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ဂေါပကတွေဟာ ဘုရားကျွန်မဟုတ်ဘူး။ ရှေးဘုရားကျွန်များဟာ ဆွမ်း၊ ကွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ သန့်ရှင်းရေး၊ ဘုရားတည့်တံ့ရေး၊ ဘုရားဆွမ်းအတွက် လယ်စိုက်တာ၊ ထန်းတက်တာ၊ အတီးအမှုတ်နဲ့ပူဇော်တာ  စတာတွေလုပ်ပြီး ပေးဆပ်ခဲ့ကြသူတွေပါ။ ပါချုပ်ဆရာတော်ကြီးက ‘လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်(၂၉)’ မှာမိန့်ဖူးတယ်။ ‘ဒီနေ့ခေတ်ဂေါပကတွေက ဘုရားထက်ကြီးသလားမသိဘူး’တဲ့။

နဂိုဘုရားကျွန်တွေဟာ စစ်သုံ့ပန်း၊ အကြွေးမဆပ်နိုင်သူတွေ လုပ်ခဲ့ကြတယ်။ နောင်ကာလမှာတော့ မိမိဆန္ဒအလျှောက် ဘုရားဂေါပက လုပ်လိုသူတွေရှိလာခဲ့ပါတယ်။ နရပတိစည်သူမင်းလက်ထက် အမတ်ကြီး အဘိနန္ဒသူဆိုရင် ဘုရားရွှေသင်္ကန်းကပ်ပြီး မိမိကိုယ်ကိုယ်ရော၊ မယားနဲ့ သားသမီးများကိုပါ ဘုရားကျွန်အဖြစ် လှူခဲ့တာပါ။ ကဿပဘုရားခေတ်ကဆို ဓာတ်တော်ကို တောသူဌေးလင်မယား၊ မြို့သူဌေးလင်မယား ဘယ်သူ စေတီတည်မလဲပြိုင်ကြတာ။ (၉)ကုဋေပဲချမ်းသာတဲ့ တောသူဌေးလင်မယားက ကုဋေ(၄၀)ချမ်းသာတဲ့ မြို့သူဌေးလင်မယားကို မနိုင်နိုင်ဘူး။ ဒါ့ကြောင့် (၉)ကုဋေအကုန်ခံပြီး စေတီတည်မဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ပါ ဘုရားကျွန် (စေတိယဒါသ)အဖြစ် လှူလိုက်ခါမှ နိုင်ခဲ့ဖူးပါတယ်။

ကောလိယ ဝေယံမောင်မောင်
၂၀.၈.၂၀၂၄

#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ

Comments