![]() |
| (၁၉၆၀)ပြည့်နှစ်ကပုံ (ဓာတ်ပုံ - Robert Doisneau) |
ဖက်ရှင်ချစ်သူများ မင်္ဂလာပါခင်ဗျ။ ဆောင်းကုန်လုလု နွေဝင်လုလု အခုလိုရာသီဥတုကို အနောက်ပြည် မှာတော့ Spring လို့ခေါ်သတတ်။ နွေဦးရွက်ကြွေ၊ ပွင့်ဖတ်တွေဝေပြီး အရောင်လေးတွေလဲ ဆန်းသစ်လွင့်မြူးတဲ့ ဖက်ရှင်တွေထွက်ပေါ်တဲ့အချိန်ပေါ့။
ပြီးခဲ့တဲ့လမှာ ပြင်သစ်ဖက်ရှင်ဒီဇိုင်နာမကြီး
Jeanne Lanvin (ဂျီးန်လန်းဗင်) အကြောင်း ဖတ်ရှုခဲ့ကြရ တာပါ။ ဒီလမှာတော့ Givenchy (ရှီဗန်ရှီ) ဆိုတဲ့ ကမ္ဘာ့ကျော်ဖက်ရှင်တံဆိပ်ရဲ့ဖခင်ကြီး
ဖေဖော်ဝါရီလ မွေးနေ့ရှင် Hubert de Givenchy (ဟူဘက် ဒူ ရှိဗန်ရှီ) အကြောင်းကို ဖတ်ရှုရမှာဖြစ်ပါတယ်။
![]() |
| (၁၉၅၂)ခုနှစ်၊ ဖက်ရှင်ရှိုးအစမ်းလေ့ကျင့်စဉ် |
ငယ်ဘဝ
Givenchy က ပြင်သစ်နာမည်ဖြစ်ပြီး အသံထွက်ကတော့ “ရှီဗန်ရှီ” ဖြစ်ပါတယ်။ ရှီဗန့်ရှိကို (၁၉၂၇)ခုနှစ် ၊ ဖေဖော်ဝါရီ(၂၁)ရက်နေ့က ပြင်သစ်ပြည်မြောက်ပိုင်း Beauvas (ဗီုဗေး) မြို့မှာ မွေးဖွားခဲ့ပါတယ်။ Lucien Taffin de Givenchy နဲ့ Badin တို့ရဲ့ သားထွေးဖြစ်ပါတယ်။ ရှီဗန့်ရှီမှာ အစ်ကိုတစ်ယောက်ရှိတယ်။ သူက သူကောင်းပြုခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာ ရှီဗန့်ရှီရေမွှေးတံဆိပ်ရဲ့ ဥက္ကဌအဖြစ်တာဝန်ယူခဲ့သူပါ။ (၂၀၀၉)မှာ ကွယ်လွန်ခဲ့ပါပြီ။
ရှီဗန့်ရှီသုံးနှစ်သားအရွယ်
(၁၉၃၀)ပြည့်နှစ်မှာ သူ့အဖေက တုပ်ကွေးရောဂါနဲ့ကွယ်လွန်သွားလို့ အမေနဲ့ အမေဘက်ကအဘွားတို့
စောင့်ရှောက်ခဲ့ရတယ်။ ရှီဗန့်ရှီက ဒီဇိုင်နာမျိုးရိုးရှိသူပါ။ ရှီဗန့်ရှီရဲ့အဘေး
Jules Dieterle ကလဲ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ပါပဲ။ Beauvais စက်ရုံအတွက် ဒီဇိုင်းတွေထွင်ပေးရသူပေါ့။
ပြင်သစ်သမ္မတများ နေထိုင်တဲ့ Élysée
Palace အတွက် ဝတ်စုံအတွဲပေါင်း (၁၃)တွဲချုပ်ပေးခဲ့ရပါတယ်။ အဘီဖြစ်သူကလဲ ပြင်သစ်ပြဇာတ်ရုံအတွက်
ဝတ်စုံတွေဖန်တီးခဲ့တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။
ရှီဗန့်ရှီလူပျိုပေါက်အရွယ်
အသက်(၁၇)နှစ်မှာ ပါရီမြို့ကိုပြောင်းနေခဲ့ပြီး École
des Beaux-Arts မှာ ကျောင်းတက်ခဲ့ပါတယ်။ ဒီကျောင်းက အခုဆို နှစ်ပေါင်း(၃၅၀)ကျော်သက်တမ်းရှိပြီး
ဥရောပရဲ့ အထက်မြက်ဆုံး အနုသုခုမပညာရှင်များစွာ ပို့ချတဲ့ကျောင်းပါ။
![]() |
| National Portrait Gallery တွင်ရိုက်ထားသော အားဒီရီးဟက်ဘန်ဝတ်စုံ |
ရှီဗန့်ရှီ ဒီဇိုင်နာစလုပ်တော့
ဒီဇိုင်နာတော်တော်များများဆီမှာ ဝင်လုပ်ရပါတယ်။ ပထမဆုံးအနေနဲ့ (၁၉၄၅) ခုနှစ်မှာ ဖက်ရှင်ဒီဇိုင်နာ
Jacques Fath ဆီမှာစလုပ်ခဲ့ပါတယ်။ အဲဒီနောက် (၁၉၄၆)ခုမှာ Lucien Lelong နဲ့ Robert
Piguet တို့ဆီလုပ်တယ်၊ တစ်ဆက်တည်းမှာပဲ မထင်မရှားဒီဇိုင်နာလေး တစ်ယောက်အနေနဲ့
Pierre Balmain နဲ့ Christian Dior တို့ဆီမှာ ဒီဇိုင်းပိုင်းတွေဆက်လုပ်ခဲ့ပါတယ်။ ဒီလိုပါပဲ
(၁၈၄၇) ကနေ (၁၉၅၁)အထိ ဒီဇိုင်နာ Elsa Schiaparelli ရဲ့ Avant-garde တွေအတွက် လုပ်ခဲ့ပါသေးတယ်။
ဒါဟာ အမြင့်ကိုရောက်လာဖို့ အခြေခိုင်အောင် ကြိုးစားခဲ့ရတဲ့ဘဝတွေလို့ ပြောရမှာပေါ့။
![]() |
| ရှီဗန့်ရှီဖက်ရှင်တံဆိပ် |
ရှီဗန်ရှီ ဖက်ရှင်တံဆိပ်အစ
(၁၉၅၂)ခုနှစ်မှာ ရှီဗန့်ရှီတစ်ယောက်
ပါရီမြို့ Plaine Monceau မှာ ဖက်ရှင်တိုက်စဖွင့်ခဲ့ပါတယ်။ သူ့ ပထမဆုံးဝတ်စုံအုပ်စုကို
Bettina Graziani (ဘက်ထိနာ ဂဟာစီးယားနီ) လို့နာမည်ပေးခဲ့ပါတယ်။ ဘက်ထိနာ ဂဟာစီးယားနီ
ဆိုတာ (၁၉၄၀)နဲ့ (၁၉၅၀) ပြည့်လွန်နှစ်များမှာ ကျော်ကြားတဲ့ ပြင်သစ်ဖက်ရှင်မော်ဒယ်ပါ။
သူက ဇာထိုးဖက်ရှင်ဒီဇိုင်နာလဲဖြစ်၊ ကဗျာဆရာမ၊ တေးရေးဆရာမလဲ ဖြစ်သူပေါ့။ ရှီဗန့်ရှီကို
အားကျနှစ်ခြိုက်သူလဲ ဖြစ်ပါတယ်။
ကမ္ဘာ့ဖက်ရှင်အကျော်အမော်ကြီး
ခရစ္စတင်းဒီယောကတော့ ရှီဗန့်ရှီရဲ့ဖက်ရှင်တွေက ဆန်းသစ်မှု အားကောင်းတယ်၊ ရှေးရိုးစွဲဖက်ရှင်ကနေ
ကွဲထွက်နေတယ်လို့ ထောမနာပြုခဲ့ပါတယ်။ ရှီဗန့်ရှီအသက်အစိတ်မှာ အဟုန်နဲ့တိုးတက်နေတဲ့
ပြင်သစ်ပြည်က ဖက်ရှင်အတွေးအမြင်ရှိကြသူကြားမှာ အငယ်ဆုံးဒီဇိုင်နာတစ်ယောက် အဖြစ်ရောက်ရှိလာခဲ့ပါတယ်။
သူပထမဆုံးထုတ်တဲ့ဝတ်စုံအုပ်စုတွေက စရိတ်အခြေအနေအရ အတော် ၏အသင့် ဈေးပေါတဲ့ပိတ်စတွေနဲ့
ဖန်တီးထားပေမဲ့လဲ သူများတွေကြားက ဖောက်ထွက်နိုင်ခဲ့တယ်လေ။
![]() |
| Breakfast at Tiffany's ရုပ်ရှင်မှ မင်းသမီး အားဒီရီးဟက်ဘန်ဖက်ရှင် |
(၁၉၅၃)မှာ ရှီဗန့်ရှီက
Sabrina (1954) ရုပ်ရှင်ရိုက်ကွင်းမှာ ကမ္ဘာမှာ လျှမ်းလျှမ်းတောက်ကျော်ကြားတဲ့ မင်းသမီး
အားဒီရီးဟက်ဘန်
နဲ့ဆုံခဲ့ပါရော။ ဒီလိုနဲ့နောက်ပိုင်းမှာ
အားဒီရီးဟက်ဘန်က ရှီဗန့်ရှီဖက်ရှင်ရဲ့ ထင်ရှားပေါ်လွင်တဲ့ ကြော်ငြာသူတစ်ယောက်ဖြစ်လာခဲ့တာပေါ့။
အားဒီရီးဟက်ဘန်ရဲ့ (၁၉၆)ထုတ် Breakfast at Tiffany's ရုပ်ရှင်မှာပါတဲ့ဝတ်စုံနက်ကို ဖက်ရှင်သမားစစ်စစ်၊
မော်ဒယ်လောကသားစစ်စစ်ဆိုရင် လုံးဝမြင်ဖူး ကြလိမ့်မယ်။ အဲဒါ ရှီဗန့်ရှီချုပ်ပေးခဲ့တာပဲဗျ။
ရှီဗန့်ရှီက အားဒီရီးဟက်ဘန်ဖို့ရည်ရွယ်ပြီး
နောက်ထပ်ခြေလှမ်းအနေနဲ့ L'Interdit and Le de Givenchy ဆိုတဲ့ရေမွှေးထုတ်ခဲ့ပြန်တယ်။
အားဒီရီးဟက်ဘန်လဲ ရေမွှေးရဲ့မျက်နှာဖုံး ဖြစ်လာတော့တာပေါ့။
အခုခေတ် စကားနဲ့ပြောရင် Brand Ambassador ပေါ့။ မင်းသမီးကလဲ သူငယ်ချင်းချင်းဆိုတော့
မေတ္တာနဲ့ကြော်ငြာပေး တာပါ။

အားဒီရီးဟက်ဘန်အတွက် ရည်စူးထုတ်ခဲ့သော ရှီဗန့်ရှီရေမွှေး
တိုးတက်ပြောင်းလဲလာသောလုပ်ငန်း
ရေမွှေးထုတ်ပြီးချိန်မှာပဲ
ရှီဗန့်ရှီအားကျရတဲ့ စပိန်လူမျိုးဖက်ရှင်ဒီဇိုင်နာကြီး Cristóbal Balenciaga (ခရစ္စတိုဘာ ဘာလန်စီယားဂါ) နဲ့ဆုံခဲ့ရပါတယ်။ ရှီဗန့်ရှီဟာ
ကျော်ကြားတဲ့ဒီဇိုင်နာဆိုပြီး အမြင့်စားတွေချည်းပဲ တွေးနေတာမဟုတ်ပါဘူး။ Avant-Garde
(အဗန့်ဂ) လို့ခေါ်တဲ့ အမြင်သစ်ဖော်ဆောင်မှုကိုလဲ တွေးတောသူပါ။ ဒါ့ကြောင့်မို့လဲ သူ့ဖောက်သည်တွေ
နှစ်ခြိုက်ကြတာပေါ့။ ဖောက်သည်တွေထဲမှာ မျိုးရိုးမြင့်အမျိုးသမီးတွေ၊ မင်းသမီးတွေ၊ နိုင်ငံရေးလှုပ်ရှားတဲ့အမျိုးသမီးတွေ၊
တော်ဝင်မင်းသမီးတွေ၊ ဧကရီတွေ များစွာပါဝင်ပါတယ်။ ပြောရရင် တကယ့်အမျိုးသမီးကြီးတွေက
သူ့ဖောက်သည်တွေပါပဲ။
(၁၉၅၄)ခုနှစ်မှာ ပြင်သစ်လို
Prêt-à-Porter (ဖရေတာပေါ့တေး) လို့ခေါ်တဲ့ ရယ်ဒီမိတ်ဝတ်စုံ
(Ready to wear) တွေ ထုတ်ခဲ့ပါတယ်။ (၁၉၅၈)မှာ ဘောလုံးကုတ်လို့ခေါ်တဲ့ မိုးပျံပူဖောင်းလေရှုံ့လိုမျိုး
ကုတ်အင်္ကျီခပ်ပွပွနဲ့ ဘေဘီဒေါလ်လို့ခေါ်တဲ့ အရုပ်မဖက်ရှင်မျိုးကို တီထွင်ခဲ့ပါတယ်။
အမျိုးသားဖက်ရှင်တွေကိုတော့
(၁၉၆၉)ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ ဖို့ဒ်ကားကုမ္ပဏီကနေ (၁၉၇၆)ထုတ် Lincoln
Continental Mark IV ကားကနေ (၁၉၈၃)ထုတ် Lincoln Continental Mark VI ကားအထိ ဒီဇိုင်းပိုင်းတည်းဖြတ်ပေးဖို့
ရှီဗန့်ရှီကိုကမ်းလှမ်းခဲ့ပါတယ်။ (၁၉၈၈)မှာ သူဖန်တီးခဲ့တဲ့ဖက်ရှင်အမှတ်တရများပွဲကို
ကိုယ်တိုင်စီစဉ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဘာလီတောင်ကုန်းမှာရှိတဲ့ ဘီဘာလီဝေလ်ရှိုင်းယားဟိုတယ်မှာ
ကျင်းပခဲ့ပါတယ်။
![]() |
| Audrey with love ပြပွဲမှ (၈၉)နှစ်အရွယ် ရှီဗန့်ရှီ (၂၀၁၆) |
ရှီဗန့်ရှီဖက်ရှင်တိုက်က
(၁၉၈၁)မှာ ပြိုကွဲခဲ့ရတယ်။ ဖက်ရှင်တိုက်ကို Louis Vuitton Moet Hennessy (LVMH) ကရယူခဲ့သလို
သူ့ရေမွှေးတွေကိုလည်း Veuve Clicquot ရေမွှေးလုပ်ငန်းက ရယူခဲ့ပါတယ်။ ဒီနေ့ခေတ် မှာတော့
Louis Vuitton Moet Hennessy (LVMH) က ရှီဗန့်ချီရေမွှေးတံဆိပ်မူပိုင်ဖြစ်လာပါတယ်။
ရှီဗန့်ရှီအသက် (၆၇)နှစ်အရွယ်
(၁၉၉၅)ခုနှစ်မှာ ဖက်ရှင်ဒီဇိုင်းလုပ်တာကို အနားယူခဲ့ပါတယ်။ ကျွန်တော် (၃)နှစ်သားအရွယ်ပေါ့။
ဖက်ရှင်လောကမှာ နှစ်ပေါင်းများစွာလုပ်ခဲ့တာမို့ ချီးကျူးမိပါတယ်။ သူ့ဖက်ရှင်တံဆိပ်ကို
လက်လွှဲပိုင်ဆိုင်သွားသူက ဗြိတိသျှ-စပိန် ဖက်ရှင်ဒီဇိုင်နာ John Galliano (ဂျွန် ဂါလီအားနိုး)
တဲ့။ (၁၉၉၅) ကနေ (၁၉၉၆) အထိ ရှီဗန့်ရှီကုမ္ပဏီကို လက်လွှဲလုပ်ကိုင်သွားတယ်။ နောက်ပိုင်း
Christian Dior (ခရစ္စတီးယန်းဒီယော) ဥက္ကဋ္ဌ ဖြစ်သွားသူပါ။ ဂျွန် ဂါလီအားနိုး
ဆိုတာ သူ့ကိုယ်ပိုင်ဖက်ရှင်တံဆိပ်ပေါ့။
ရှီဗန့်ရှီဖက်ရှင်
အကြီးအကဲနေရာကို နောက်ထပ်လွှဲယူတာက ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ Alexander McQueen
(အလက်ဇန္ဒားမက်ကွင်း)၊ ပြီးတော့ ဝေလဖက်ရှင်ဒီဇိုင်နာ Julien Macdonald (ဂျိုးလီးလမ်း
မက်ဒေါ်နယ်)။ နောက် အင်္ဂလိပ်ဖက်ရှင်ဒီဇိုင်နာ Ozwald Boateng (အော့ဇ်ဝ ဘိုးအက်တန်း)က
အနုပညာညွှန်ကြားသူ ဖြစ်လာတယ်။ (၂၀၁၈)ပိုင်းမှာ Clare Waight Keller (ကလဲဝေ့ ကဲလာ) က
အနုပညာ ညွှန်ကြားသူလုပ်ပါတယ်။
နောက်ပိုင်းမှာ ရှီဗန့်ရှီက
သမိုင်းဝင်ရဲတိုက်ကြီး Château du Jonchet မှာ အနားယူနေထိုင်ခဲ့ပါတယ်။
အသက်ကြီးတဲ့ဘဝမှာ ဝါသနာပါရာ အပန်းဖြေရာအနေနဲ့ (၁၇)ရာစုနဲ့ (၁၈)ရာစုများက ကြေးရုပ်၊
စကျင်ကျောက် ပန်းတမော့လက်ရာတွေကို စုဆောင်းပါတယ်။ (၂၀၁၀)ဇူလိုင်မှာ Oxford Union ဆိုတဲ့
စကားရည်လု၊ ပြောဆိုဆွေးနွေးမှုအဖွဲ့မှာ ဝင်ပြောဖြစ်ပါတယ်။ (၂၀၁၄) စက်တင်ဘာ(၈)ရက်ကနေ
(၁၄)ရက်အထိကျင်းပတဲ့ ရှေးငွေပန်းထိမ်ဆရာ၊ ပြင်သစ်ရှေးပန်းချီဆရာ စသူတို့ရဲ့ အနုလက်ရာလေလံတင်ပွဲကို
Christie's လေလံတိုက်မှာ ကျင်းပခဲ့ပါတယ်။
အမှတ်ရစရာတစ်ခုကတော့
(၂၀၀၇)ဇန်နဝါရီမှာ ပြင်သစ်နိုင်ငံစာတိုက် (အခု La Poste) ကထုတ်မဲ့ ဖေဖော်ဝါရီ(၁၄) ချစ်သူများနေ့တံဆိပ်ခေါင်းကို
ရေးဆွဲပေးရတာပါပဲ။ (၂၀၁၄) အောက်တိုဘာလတုန်းက စပိန်နိုင်ငံ Thyssen-Bornemisza
National Museum သူ့ရဲ့ဖက်ရှင်ဒီဇိုင်း(၉၅)မျိုးကို ပြသခဲ့ပါတယ်။
![]() |
| အားဒီရီးဟက်ဘန်အတွက် ဝတ်စုံပြင်ဆင်နေစဉ် |
အသက်(၉၁)နှစ်
ဖက်ရှင့်ဘိုးအေကြီး
ရှိဗန်ရှီ ဟာ (၂၀၁၈)ခုနှစ်၊ မတ်လ(၁၀)ရက်နေ့မှာ ပြင်သစ်ပြည်၊ ပါရီမြို့၊ ပက်စီအရပ်က
သူ့နေအိမ်ကြီး Renaissance chateau မှာအနိစ္စရောက်ခဲ့ပြီး ရုပ်ကလာပ်ကို ပက်စီသုသာန်မှာ သင်္ဂြုဟ်ခဲ့ပါတယ်။
![]() |
| (၁၆)ရာစု အနုလက်ရာများနှင့် ရှီဗန့်ရှီထမင်းစားခန်း |
အပ်နှင်းခံရသောဆုများနှင့် ဂုဏ်ပြုခံရမှု
·
International
Best Dressed List ၁၉၇၀
·
National
Order of the Legion of Honour ၁၉၈၃
·
Order
of Arts and Letters ၁၉၉၂

ရှီဗန့်ရှီဆွဲထားသော ဒီဇိုင်းနှင့် ချုပ်ရန်ပိတ်စနနူနာ (၁၉၈၀ ပြည့်လွန်နှစ်များ)
ကောလိယ ဝေယံမောင်မောင်




%20by%20Ullstein%20BildGetty.jpg)



Comments
Post a Comment