တပည့်
‘သာဝက’ ဆိုတဲ့စကားလုံးကို ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ သိပ်မသုံးကြလို့
လူငယ်အများစု မသိကြပါဘူး။ တစ်ခါတလေမှာလဲ လောကီသမားတချို့က သူတို့တပည့်များကို ‘သာဝက’
ဆိုပြီးခေါ်တာ ကြားမြင်မိပါတယ်။
သာဝကဆိုတာ
‘သာဝက’
ဆိုတာပါဠိစကားဖြစ်ပြီး မြန်မာလို ‘နာကြားသူ၊ တပည့်’ လို့အနက်ရပါတယ်။ ရောမ၊ ပါဠိနဲ့
ပြန်ရင် Śrāvaka ဒါမှမဟုတ် Sāvaka ဖြစ်ပါတယ်။ ဒီဝေါဟာရကို ဗုဒ္ဓဘာသာမှာရော ဂျိန်းဘာသာမှာပါ
သုံးခဲ့ကြပါတယ်။ အင်္ဂလိပ်လိုအနက်ပြန်ရင် Hearer ဒါမှမဟုတ် Disciple ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာနဲ့ သာဝက
ဗုဒ္ဓထံမှာ သာဝက(၄)မျိုးရှိပါတယ်။
အဂ္ဂသာဝက၊ ဧတဒဂ္ဂသာဝက၊ မဟာသာဝကနဲ့ ပကတိသာဝက တို့ဖြစ်ပါတယ်။
၁၊ အဂ္ဂသာဝကဆိုတာ အမြတ်ဆုံးတပည့်၊ အင်္ဂလိပ်လို Chief
Disciple ပါ။ ရှင်သာရိပုတ္တရာနဲ့
ရှင်မဟာမောဂ္ဂလာန်တို့ ဖြစ်ပါတယ်။
၂၊ ဧတဒဂ္ဂသာဝကဆိုတာ မြတ်သောတပည့်၊
အင်္ဂလိပ်လို Foremost Disciple ပါ။ ဆိုင်ရာကဏ္ဍမှာ ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ်တို့ ဖြစ်ပါတယ်။
၃၊ မဟာသာဝကဆိုတာ တပည့်ကြီး၊ အင်္ဂလိပ်လို Great
Disciple ပါ။ ရှင်မဟာကဿပ၊ ရှင်အာနန္ဒာ၊ ရှင်အနုရုဒ္ဓါ
စတဲ့ရဟန္တာ(၈၀)တို့ဖြစ်ပါတယ်။
၄၊ ပကတိသာဝကဆိုတာ သာမန်တပည့်၊ အင်္ဂလိပ်လို Ordinary
Disciple ပါ။ ပါရမီဖြည့်ဆဲတပည့်တို့ ဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
၇.၁၁.၂၀၂၄
#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
Comments
Post a Comment