ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၂၃

 ဂူးရှီယို ဂူးရှီ Guccio Gucci


            နွေဦးကာလ မြူထချိန်ကျပြီမို့ နွေဝတ်စုံတို့နေရာယူချိန်ပေါ့ဗျာ။ အနောက်နိုင်ငံအများစုမှာလဲ Spring လို့ခေါ်တဲ့နွေဦးရာသီပေါ့။ သူတို့ဆီမှာလဲ နွေဦးဝတ်စုံတွေဝတ်ရချိန်ပါပဲ။ ဒါကို Spring Fashion လို့ခေါ်ပါတယ်။ ရော်ရွက်ကြွေမယ်၊ ရွက်သစ်ဝေမယ်၊ နွေဦးပန်းတွေပွင့်လန်းနေမယ်။ ဒါ့ကြောင့် နွေဦးဝတ်စုံ ဆိုရင် အရောင်နုနုလွင်လွင်လေးတွေရှိမယ်၊ အမြင်အေးစေမဲ့ အပွင့်အဆင်လေးတွေရှိမယ်၊ လွတ်လပ်ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတာတွေ ဖြစ်နေပါမယ်။

            ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာ ဖက်ရှင်ချစ်သူတွေကို တင်ဆက်ပေးခဲ့တာက Givenchy (ရှိဗန်ရှီ) ဖက်ရှင်တံဆိပ်ကိုစတင်ခဲ့သူ ဒီဇိုင်နာကြီး Hubert de Givenchy (ဟူဘက် ဒူ ရှိဗန်ရှီ) အကြောင်းဖြစ်ပါတယ်။ ဒီလမှာတော့ မတ်လမွေးနေ့ရှင်ဖြစ်တဲ့ Gucci (ဂူးရှီ) ဖက်ရှင်တံဆိပ်ရဲ့ဖခင်ကြီး အီတလီဒီဇိုင်နာ Guccio Gucci (ဂူးရှီယို ဂူးရှီ) အကြောင်း တင်ဆက်ပေးဖို့ရှိပါတယ်။

မျက်နှာချင်းဆိုင် ‘ဂျီ’ နှစ်လုံးသည် ဂူးရှီ၏အမှတ်တံဆိပ်ဖြစ်သည်

ကျွန်တော်နှင့် စင်္ကာပူ၊ မာရီနာဘေးကုန်တိုက်မှ ဂူးရှီဆိုင် (၂၀၁၄)

ငယ်ဘဝ

            ဂူးရှီယိုဂူးရှီကို (၁၈၈၁)ခုနှစ်၊ မတ်လ(၂၆)ရက်နေ့က အီတလီနိုင်ငံအလယ်ပိုင်း၊ ထာ့စကနီ (Tuscany) ဒေသရဲ့မြို့တော် ဖလောရန့် (Florence) မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက အီတလီအလယ်ပိုင်း ထာ့စကန် (Tuscan) သားရေထည် ဖန်တီးလုပ်ကိုင်သူပါ။ အီတလီအလယ်ပိုင်းဆိုတာက စက်မှုထွန်းကားတဲ့နေရာ ဖြစ်တော့ စက်မှုလက်မှုလုပ်ငန်းတွေ တွင်ကျယ်တယ်လေ။ ကမ္ဘာရဲ့ အနုသုခုမအမွေအနှစ် စုစည်းတည်ရှိမှုမှာ နာမည်ကြီးနေရာပေါ့။ ဒါ့ကြောင့် ထာ့စကနီမြို့ကို အီတလီအနုပညာနန်းတော် (Art Palace of Italy) လို့ တင်စားကြရတာပါ။

            ဂူးရှီယိုဂူးရှီက သူ့ဇာတိမှာအလုပ်မရှိခဲ့ပါဘူး။ ပါရီမြို့မှာသွားနေပြီး ဟိုတယ်ဝန်ထမ်းလုပ်ခဲ့ရတယ်။ (၁၈၉၇)မှာ လန်ဒန်မြို့သွားပြီးအလုပ်ရှာတော့ ဆဗွိုင်း (Savoy) ဟိုတယ်မှာအလုပ်ရပါတယ်။ ဒါပေမဲ့ ဟိုတယ်ဝန်ထမ်းဘဝက ကမ္ဘာကျော်ဖို့အစလို့ပြောရပါမယ်။ နေ့စဉ်နဲ့အမျှ ဧည့်သည်တွေရဲ့ လက်ဆွဲအိတ်၊ ခရီးဆောင်သေတ္တာတို့လို အဖိုးတန်အိတ်တွေ မြင်ခဲ့ရတာက ကမ္ဘာ့ဈေးအကြီးဆုံးဖက်ရှင်အိတ်တွေဖန်တီးဖို့ ဖြစ်လာခဲ့တာလေ။

ဒီလိုနဲ့ (၁၉၀၂)ခုနှစ်မှာ ဇာတိမြေ ဖလောရန့်ကိုပြန်ဖို့ ဖြစ်လာတယ်။ မပြန်ခင်မှာ H.J Cave & Sons အိတ်လုပ်ငန်းကို ဝင်ကြည့်ဖြစ်ခဲ့ပါတယ်။ သူ့စိတ်ထဲမှာ ခရီးဆောင်အိတ်တွေ ဓာတ်ကျနေပြီကိုး။ ဒါနဲ့ ဇာတိမြေ ပြန်ရောက်ချိန်မှာ သားရေထည်ထုတ်လုပ်သူ ဖရန်ဇီ (Franzi) နဲ့ချိတ်ဆက်လုပ်ကိုင်ခဲ့ပါတယ်။ (၁၉၂၀) ပြည့်နှစ်မှာ အကောင်းစားသားရေထည်တွေ ထုတ်ပါတယ်။ စစချင်းမှာ မိသားစုပိုင် အသေးစားသားရေလုပ်ငန်း အနေနဲ့ မြင်းကုန်းနှီးလဲထုတ်ခဲ့တယ်။ မြင်းသမားတွေကို သားရေအိတ်တွေရောင်းတယ်။ အရည်အသွေး ကောင်းတွေဖန်တီးနိုင်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ဂူးရှီယိုဂူးရှီရဲ့ဂုဏ်သတင်းက စပြီးကျော်ကြားလာ ပါတယ်။ တစ်ဖက်ကလဲ အိတ်ထောင်သည်ဘဝပေါ့။ (၁၉၀၅)နဲ့ (၁၉၂၁)ကြားထဲမှာ ဇနီးသည် အိုင်းဒါ ကာလ်ဗယ်လီ (Aida Calvelli) က အောဒို(Aldo) နဲ့ ဗတ်စကို(Vasco) ဆိုတဲ့သားနှစ်ယောက်ကို မွေးခဲ့ပါတယ်။ (နောက်ပိုင်းမှာ သားသမီးခြောက်ယောက်ထိရှိပါတယ်။ သားတွေက အောဒို(Aldo)၊ ဗတ်စကို(Vasco) အူဂို(Ugo) နဲ့ ရိုဒေါ့လ်ဖော် (Rodolfo) တို့ဖြစ်ပါတယ်။)

(၁၉၅၀)ပြည့်လွန်နှစ်များအတွင်းက ဂူးရှီအိတ်လုပ်ငန်း

ကိုင်ပိုင်တံဆိပ်စတင်

            ဂူးရှီယို ဂူးရှီက (၁၉၂၁)ခုနှစ်မှာ ဂူးရှီဖက်ရှင်တိုက် House of Gucci ကို တည်ထောင်လိုက်ပါတယ်။ (၁၉၃၅)နဲ့ (၁၉၃၆)အတွင်းမှာ ဆန်းသစ်တီထွင်ခဲ့တဲ့ ခရီးဆောင်သေတ္တာတွေကတော့ မအောင်မြင်ခဲ့ပါဘူး။ (၁၉၃၈)ခုမှာတော့ သူ့စီးပွားရေးက ရောမပြည်အထိခြေဆန့်နိုင်အောင် ကျယ်ပြန့်လာခဲ့တယ်။ တစ်ဦးတည်း လုပ်တဲ့စီးပွားရေးလုပ်ငန်းကနေ မိသားစုပေါင်းစည်းလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းအထိ တိုးတက်လာ ပါတယ်။

အမျိုးသားတို့ စွဲမက်ဖွယ်သားရေဖက်ရှင်
ဂူးရှီ နေကာမျက်မှန်

တိုးတက်ပြောင်းလဲလာသောလုပ်ငန်း

            ဂူးရှီယို ဂူးရှီရဲ့ သားတွေအားလုံးက ဂူးရှီဖက်ရှင်တံဆိပ်ရဲ့ တာဝန်အသီးသီးကို ယူခဲ့ကြပါတယ်။ သား တစ်ယောက်ဖြစ်တဲ့ အောဒိုဂူးရှီ(Aldo Gucci) ဆိုတာ တစ်နေ့မှာဖက်ရှင်ဒီဇိုင်နာဖြစ်လာပြီး ဂူးရှီဖက်ရှင်တိုက်ရဲ့ ဥက္ကဋ္ဌ တာဝန်လုပ်ခဲ့သူပေါ့။

            ဂူးရှီယို ဂူးရှီရဲ့ ထူးခြားတဲ့စံတစ်ခုကတော့ မီလန်မြို့၊ ရောမမြို့တို့မှာဖွင့်တဲ့ဆိုင်ခွဲတွေကို သူ့မူလဇာတိ ဖရောရန့်စ်မြို့ (Florence) လိုရိုးရာဓလေ့အတိုင်း ဖွင့်လှစ်ထားခြင်းပါပဲ။ ထုတ်ကုန်တွေကလဲ အထူးတလည် သပ်သပ်ရပ်ရပ်ဖန်တီးထားတဲ့ သားရေထည်တွေ၊ လက်ကိုင်အိတ်တွေအပြင် ရူးဖိနပ်တွေပါရှိပါတယ်။ အထူးသဖြင့် ဂူးရှီယို ဂူးရှီရဲ့ ကိုယ်ပိုင်သင်္ကေတဖြစ်တဲ့ လိုးဖာ (Loafer) ဆိုတဲ့ Slip-on Shoe ဖိနပ်က ကျော်ကြားပါတယ်။ ဒါ့ပြင် ပိုးထည်နဲ့ ဇာထိုးအဝတ်တွေလဲ ထုတ်ခဲ့ပါတယ်။

            ဂူးရှီယို ဂူးရှီက တက်ကျိုးရင်လက်ထိုးလှော်တတ်တဲ့ အစွမ်းရှိသူလဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာ စစ်ကြီးဖြစ်တဲ့ (၁၉၃၉)ကနေ (၁၉၄၅)အတွင်းမှာ သားရေထည်တွေရှားပါးလာခဲ့တယ်။ ဒါပေမဲ့ သူ့လုပ်ငန်းတွေ ရပ်သွားလားဆိုတော့ ရပ်မသွားဘူး။ ပန်းချီဆွဲတဲ့ဖျင်စတွေကို လက်ဆွဲအိတ်တွေဖန်တီးခဲ့ပါတယ်။ ဒါတင်မဟုတ်ပါဘူး။ ဂူးရှီတံဆိပ်ရဲ့ သင်္ကေတဖြစ်တဲ့ “G” နှစ်လုံးကို အစိမ်းရောင်နဲ့အနီရောင်တို့ကို ပေါ်ပေါ်လွင်လွင်သုံးပြီး ဖန်တီးခဲ့ပါတယ်။

            ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အခါ သားရေထည်လုပ်ငန်းတွေ ပြန်စနိုင်ခဲ့ပါတယ်။ သားရေထဲမှာမှ ဝက်သားရေနဲ့ အိမ်သုံးပစ္စည်းတွေ ဖန်တီးမိတ်ဆက်ခဲ့တယ်။ ဒီကာလမှာပဲ ဝါးလက်ကိုင်တပ်ထားတဲ့ အိတ်ကိုပါ တီထွင်ဖြစ်တာဖြစ်ပါတယ်။ (၁၉၅၁)ခုနှစ် မီလန်မြို့ကြီးမှာ ဖက်ရှင်တိုက်ဖွင့်နိုင်ခဲ့ပြန်ပါတယ်။ နောင်(၂)နှစ် အကြာမှာ ပင်လယ်ရပ်ခြားဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီရင်စုထဲက မန်ဟတ်တန်မှာလဲ ဆိုင်သစ်တစ်ခုဖွင့်လှစ်နိုင်ခဲ့ပါတယ်။

            (၁၉၅၃)ခုနှစ်မှာ ဂူးရှီယို ဂူးရှီဟာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ပထမဆုံးသော အီတလီဒီဇိုင်း ဖက်ရှင်တိုက်ဖွင့်သူ ဖြစ်လာခဲ့ပါတယ်။ ဒီဆိုင်ကိုတော့ သားဖြစ်သူ အောဒိုဂူးရှီက နယူးယောက်မြို့၊ (၅၈)လမ်းက ဆဗွိုင်းပလာဇာဟိုတယ်မှာ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

(၂၀၁၇) နွေဦးကြော်ငြာတစ်ခု
(၂၀၁၆) မီလန်ဖက်ရှင်ရက်သတ္တပတ်မှ ဂူးရှီဖက်ရှင်

နောက်ဆုံးခရီး

            ဝမ်းနည်းစရာကောင်းတာကတော့ ဂူးရှီယို ဂူးရှီဟာ (၁၉၅၃)ခုက နယူးယောက်မြို့ ဖက်ရှင်တိုက်ခွဲဖွင့် အပြီး အသက်(၇၂)အရွယ်မှာ အနိစ္စရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့ ဂူးရှီယို ဂူးရှီကွယ်လွန်၊ ပြီးတော့ သူ့သား သမီးများလဲကွယ်လွန်အပြီး နှစ်ပေါင်းများစွာအကြာ၊ (၂၀၁၁)ခုနှစ်မှာ ဂူးရှီဖက်ရှင်တံဆိပ်ရဲ့ နှစ်(၉၀)ပြည့် ဖက်ရှင်ပွဲကြီးကို ကျင်းပခဲ့ဖူးပါတာမို့ ဂူးရှီဖက်ရှင်သက်တမ်းက လူ့သက်တမ်းကိုကျော်နေပြီဆိုရပါမယ်။

SAG (၂၀၁၇)ပွဲမှ နစ်ကိုးကစ်မန်း၏ ဂူးရှီဝတ်စုံ

(၅၆)ကြိမ်မြောက် ဂရမ်မီပွဲမှ ဂူးရှီဖက်ရှင်နှင့်တေဆာဆွစ်

အချုပ်ဆိုရရင်တော့ (၂၀၂၁)ခုနှစ်မှာ ကမ္ဘာကျော် ဂူးရှီတံဆိပ်ရဲ့သက်တမ်းက နှစ်(၁၀၀)ပြည့်ခဲ့ ပါတယ်။ ကျွန်တော်တို့လူသားတွေဆိုတာ တစ်နေ့တော့သေရစမြဲပါ။ ဒါပေမဲ့ ခရုသေရင် အဆံကျန်သလို၊ လူသေရင် နာမည်ကျန်တတ်ပါတယ်။ ဂူးရှီယို ဂူးရှီ နာမည်ကျန်ခဲ့တယ်ဆိုတာ ကမ္ဘာ့ဖက်ရှင်တံဆိပ်များစွာ ထဲမှာမှ နှစ်တစ်ရာမျှအထိ ကျော်ကြားဆဲတံဆိပ်ကို ဖန်တီးခဲ့လို့ဆိုတာ အသေအချာပါပဲ။ မတ်လ(၂၆)မှာ ကျရောက်တဲ့ သူ့မွေးနေ့ဟာလဲ ဖက်ရှင်လောကရဲ့ အမှတ်တရဖြစ်တာမို့ ဖက်ရှင်ချစ်သူအားလုံးဖတ်ရှုကြဖို့ရာ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ။ 

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း

 ၂၀၁၈၊ မတ်လ

Comments