၈၄၊ မုန့်ဖတ် လို့ရေးတယ်၊ မုန့်ဘတ် လို့အသံထွက်တယ်။

 

            ရန်ကုန်မှာ ‘မုန့်ဖတ်’ ကို ‘မုတ်ဖက်’ လို့ဝဲပြောတာများပါတယ်။ ဒါကိုဒေသိယသံလို့ခေါ်တယ်။ တခြားဝဲတာတွေလဲ ကြားနိုင်ပါတယ်။ ‘မုန့် နဲ့ မှုန့်’ ကို ‘မုတ်’ လို့ထွက်တတ်တယ်။ ဥပမာ ပဲမုန့် နဲ့ ပဲမှုန့်ကို ‘ပဲမုတ်’ လို့ထွက်ကြတာမျိုးပါ။ နငယ်သံက တဝမ်းပူသံပြောင်းသွားတာပေါ့။ မုန့်ဖတ်ကို အသံဝဲတော့ အရေးပါလွဲလာတယ်။ အွန်လိုင်းမီဒီယာတချို့ မှားရေးကြတယ်။ ‘မုန့်ဖက်သုပ်’တဲ့။ ကျွန်တော်တော့ မင်းသားကြီးအောင်လွင်နဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အုန်းနို့ခေါက်ဆွဲထုပ်ကြော်ငြာကို အမှတ်ရမိပါတယ်။ အောင်လွင်က ‘မုန့်ဖတ်’ ကို ‘မုန့်ဘတ်’ လို့ ပီပီကြီးအသံထွက်သွားတာ။

အရပ်သားတွေအသံဝဲတာ  ပြဿနာမရှိပေမဲ့ တစ်ကမ္ဘာလုံးကြည့်ရှုနားဆင်လို့ရအောင် ဖန်တီးနေကြတဲ့ တင်ဆက်သူ၊ ဗလော့ဂါ၊ အနုပညာနဲ့ မီဒီယာတွေကတော့ အများရဲ့စံဖြစ်နေလို့ မှန်ကိုသင့်ပါတယ်။ ကိုယ့်စာနဲ့ကိုယ့်စကားကို အလေးထားတဲ့နိုင်ငံမှပဲ တိုးတက်တာမလား။

ဘာကြောင့် ‘မုန့်ဖတ်’ကို ‘မုန့်ဘတ်’လို့အသံထွက်လဲ

            အသံထွက်ပြောင်းလဲပုံတွေကို သင်တန်းမှာတော့ အသေးစိတ်သင်ပါတယ်။ အခုတော့ ‘ဖတ်’ က ဘာကြောင့် ‘ဘတ်’ သံပြောင်းသလဲဆိုတဲ့ လိုရင်းကိုပဲ အချက်(၂)ချက်နဲ့ရှင်းပြပါမယ်။

(၁) ‘မုန့်’ ကသံရှည်အသတ်ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့နောက်ကရေးတဲ့ ‘ဖတ်’ ကနေ ‘ဘတ်’ လို့အသံပြောင်းပါတယ်။

(၂) မုန့်နဲ့ဖတ်မှာ ‘ဖ’ဟာသံညင်းပါ။ သူ့ရဲ့ရှေ့က ‘မ’ဟာသံပြင်းပါ။  သံညင်းရှေ့မှာ သံပြင်းရှိလို့ ‘ဖတ်’ ကနေ ‘ဘတ်’ လို့အသံပြောင်းပါတယ်။

            အနှစ်ချုပ်ရရင်တော့ အသံအသုံးချသူများအနေနဲ့ အသံထွက်မှန်ဖို့ အခုလိုစာနည်း၊ သဒ္ဒါနည်း ကျွမ်းဖို့မလိုပါဘူး။ မူရင်းအသံမှန်တွေကို နားထောင်ပြီး လိုက်ပြောဆိုတတ်ဖို့ပဲလိုပါတယ်။ ဥပမာ စံအင်္ဂလိပ်အသံထွက်ကို ကျွမ်းကျင်ချင်ရင် အင်္ဂလိပ်အစစ်ဖြစ်တဲ့ ဗြိတိသျှသံကို နားထောင်လေ့ကျင့်ဖို့ လိုသလိုမျိုးဖြစ်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင် 

၁၉.၅.၂၀၂၅

 

#ကောလိယဝေယံမောင်မောင်

#စကားနှင့်စာမှတ်စရာ


Comments