ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၂၄ မာ့ခ်ဂျေကပ်စ် Marc Jacobs

ကောလိယ ဝေယံမောင်မောင် 


            ဖက်ရှင်ချစ်သူများ မင်္ဂလာနှစ်သစ်ပါခင်ဗျာ။ အတာသင်္ကြန်မှာ ပျော်ခဲ့ကြပါရဲ့လား။ ရာသီလဲပူ၊ နေလဲပူချိန် သင်းကြူတဲ့ ပိတောက်၊ ကံ့ကော်၊ သရဖီတို့ ပွင့်ခဲ့ကြပါပြီ။ ကမ္ဘာ့အနောက်ပြည်တွေမှာလဲ ရာသီစက်ဝန်းက နွေထဲတစ်ပတ်လည်နေချိန်မို့ ဖက်ရှင်စကားနဲ့ပြောရင် Summer Wear လို့ခေါ်တဲ့ နွေဝတ်စုံတွေ ခေတ်စားချိန်ပေါ့။ ဒါပေမဲ့ မကြာပါဘူး။ စပ်ကူးမကူး မိုးဦးကိုဝင်တော့မှာမို့ မိုးဖက်ရှင်တွေ တီထွင်ထုတ်လုပ်ထားကြပြန်လို့ ဖက်ရှင်ရုပ်သံ၊ မဂ္ဂဇင်းတွေမှာ ဒီဇိုင်းသစ်တွေမြင်ရကောင်းပါရဲ့။ ဒါက ဘာကိုရည်ညွှန်းလဲဆိုရင် ဖက်ရှင်ဆိုတာ ရာသီအပေါ်မှာ အဓိကမှီတည်တယ်ဆိုတာပါပဲ။

            ပြီးခဲ့တဲ့ဆောင်းပါးမှာတော့ ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာကြီး ဂူချီယိုဂူချီ (Guccio Gucci) အကြောင်း တင်ဆက်ပေးခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဧပြီလမှာမွေးခဲ့တဲ့ Marc Jacobs ဖက်ရှင်တံဆိပ်တည်ထောင်သူ ‘မာ့ခ်ဂျေကပ်စ်’ အကြောင်း တင်ဆက်ပေးဖို့ရာရှိပါတယ်ခင်ဗျာ။

မာ့ခ်ဂျေကပ်စ် ဖက်ရှင်အမှတ်တံဆိပ်

အသက်(၂၅)၌ Parry Ellis (ဖဲရီးအဲလက်စ်) တံဆိပ်၏ ဖန်တီးမှုဒါရိုက်တာအဖြစ် (မော်ဒယ်တစ်ဦးနှင့်)


ငယ်ဘဝ

            မာ့ခ်ဂျေကပ်စ်ကို (၁၉၆၃)ခုနှစ်၊ ဧပြီလ(၇)ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့မိသားစုအသိုင်းအဝိုင်းက ဂျူးလူမျိုးစစ်စစ်ကြီးတွေပါ။ သူ့အဖေက ဟောလီးဝုဒ်အခြေစိုက် အနုပညာအဖွဲ့ William Morris Agency (WMA) က ကိုယ်စားလှယ်တစ်ဦးပါ။ မာ့ခ်ဂျေကပ်စ်က ကံတော့ မကောင်းခဲ့ရှာပါဘူး။ သူ့အသက်(၇)နှစ်မှာ သူ့အဖေဆုံးသွားရှာတယ်လေ။

ဒါတင်ပဲလား၊ မဟုတ်သေးပါဘူး။ သူ့အမေက နောက်အိမ်ထောင်ကို သုံးကြိမ်တိုင်ပြုသတဲ့။ ပြီးတော့ သားသမီးတွေကို ဂရုမစိုက်ပါဘူး။ ဒီအကြောင်းတွေကို မာ့ခ်ဂျေကပ်စ်က ရင်ဖွင့်ပြောပြလေ့ရှိပါတယ်။ ဒီတော့ ဆယ်ကျော်သက်ဘဝမှာ အဘွားဖြစ်တဲ့ သူ့အဖေရဲ့အမေက နယူးယောက်မြို့တော် မန်ဟတ်တန်နားက Upper West Side နေအိမ်မှာခေါ်ပြီး စောင့်ရှောက်ထားရတာပေါ့။  

(၂၀၁၅) အမျိုးသားနွေဦးဖက်ရှင်

(၂၀၁၈) အမျိုးသမီးနွေဖက်ရှင် (ဓာတ်ပုံ - Steven Meisel)

ပညာရေး

            ကျောင်းတက်တော့ နယူးယောက်မှာရှိတဲ့ အနုပညာနဲ့ဒီဇိုင်းအထက်တန်းကျောင်းမှာ တက်ခဲ့ပါတယ်။ တက္ကသိုလ်ကိုတော့ ‘ပါစန်’လို့ခေါ်ကြတဲ့ Parsons School of Design မှာဆက်တက်ပါတယ်။ မာ့ခ်ဂျေကပ်စ်ဟာ ဖက်ရှင်ပညာမှာပါရမီရှိလှပါတယ်။ ပါစန်မှာကျောင်းတက်နေတုန်း (၁၉၈၄)မှာတင် ဒီဇိုင်နာကြီး Perry Ellis (ဖဲရီးအဲလက်စ်) ရဲ့ ‘ရွှေအပ်ထောက်ဆု’ ၊ Chester Weinberg ‘ရွှေအပ်ထောက်ဆု’ ကို ရခဲ့ပါတယ်။

(ဒီဇိုင်နာ ဖယ်ရီးအဲလက်စ်အကြောင်းကို ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ အပိုင်း(၁၁)၊ ၂၀၁၇ မတ်လထုတ်၊ The CHIC မဂ္ဂဇင်း၌ ဖော်ပြပြီးဖြစ်ပါသည်။)

မာ့ခ်ဂျေကပ်စ် ဆိုင်ခွဲတစ်ခု

ပညာရေး

            မာ့ခ်ဂျေကပ်စ် အသက်(၁၅)နှစ်က နယူးယောက်အထည်ဆိုင် (NY Clothing Store) Charivari မှာ ပစ္စည်းထိန်းအဖြစ်လုပ်ခဲ့ပါတယ်။ ပါစန်မှာလုပ်တုန်းက သူ့ပထမဆုံးဒီဇိုင်းလက်ရာ လက်ထိုးဆွယ်တာတွေ ဖန်တီးပြီး ရောင်းခဲ့ပါတယ်။ ပထမဆုံးဝတ်စုံအုပ်စုအနေနဲ့တော့ Sketchbook တံဆိပ်လက်အောက်က Reuben Thomas, Inc. အတွက် ဖန်တီးခဲ့ပါတယ်။ (၁၉၈၀)နှစ်များမှာ ရောဘတ်ဒတ်ဖီ (Robert Duffy) နဲ့ပူးပေါင်းပြီး Creative Collaborator အနေနဲ့ Jacobs Duffy Design Inc ကိုတည်ထောင်ခဲ့ပါတယ်။

            (၁၉၈၆)ခုနှစ်မှာ Onward Kashiyama U.S.A, Inc. ကတစ်ဆင့် သူ့ကိုယ်ပိုင်တံဆိပ် Marc Jacobs ကိုစတင်ပြီး ကနဦးဝတ်စုံအုပ်စုကို ဖန်တီးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ နာမည်ကြီးနေတဲ့ဒီဇိုင်နာက ခုနပြောခဲ့တဲ့ ဖယ်ရီးအဲလက်စ်ပါ။ သူဟာ(၁၉၈၇)မှာ အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများအဖွဲ့ရဲ့ ‘လူငယ်ဖက်ရှင် စွမ်းဆောင်ရှင်ဆု’ ကိုရခဲ့ပါတယ်။ ဒါဟာ မှတ်တမ်းတစ်လျှောက်မှာ အသက်အငယ်ဆုံးရတာပါ။

နောက်နှစ်(၁၉၈၈)မှာ မာ့ခ်ဂျေကပ်စ်နဲ့ ရောဘတ်ဒတ်ဖီတို့နှစ်ယောက် ဖယ်ရီးအဲလက်စ်ဆီမှာ ဖန်တီးမှုဒါရိုက်တာနဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ကြပါတယ်။ မာ့ခ်ဂျေကပ်စ်က အမျိုးသမီးဖက်ရှင်ကို တစ်ဖက်ကမ်းခပ် ဖန်တီးနိုင်သူပါ။ ဒါ့ကြောင့် (၁၉၉၂)မှာ အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများအဖွဲ့ရဲ့ The Women's Designer of the Year Award ကို ချီးမြှင့်ခံခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ Parry Ellis ဖက်ရှင်တံဆိပ်အတွက် Grunge ဝတ်စုံအုပ်စုကို ဖန်တီးပေးဖြစ်ခဲ့ပါတယ်။

မာ့ခ်ဂျေးကပ်စ်၊ ဂျက်စတင်တင်းဘားလိတ် နှင့် ကိတ်မော့စ် တို့ Vogue မဂ္ဂဇင်းမျက်နှာဖုံး

(၂၀၀၉၊ မေ၊ ဓာတ်ပုံ -Annie Leibovitz)


အောင်မြင်မှုအဆင့်ဆင့်

(၁၉၉၃)ခု၊ ဆောင်းဦးရာသီမှာ မာ့ခ်ဂျေကပ်စ်နဲ့ ရောဘတ်ဒတ်ဖီ Jacobs Duffy Design Inc ကနေ ကိုယ်ပိုင်လိုင်စင်ရ ဒီဇိုင်းကုမ္ပဏီ Marc Jacobs International Company, L.P ကိုတည်ထောင်ခဲ့ပါတယ်။ (၁၉၉၄)မှာ မာ့ခ်ဂျေးကော့က ပထမဆုံးသော အမျိုးသားဝတ်စုံအုပ်စုကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

            နောင်လေးနှစ်အကြာ (၁၉၉၇)မှာ နောက်ထပ်ဂုဏ်ယူဖွယ်သတင်း ရောက်လာခဲ့ပါပြီ။ LV လို့ အများခေါ်ကြတဲ့ ကမ္ဘာ့ထိပ်တန်းဖက်ရှင်တံဆိပ် လူဝီဗတွန်း (Louis Vuitton) က မာ့ခ်ဂျေးကော့ကို ဖန်တီးမှု ဒါရိုက်တာလုပ်ပေးဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။ ဒါနဲ့ လူဝီဗတွန်းအတွက် ရယ်ဒီမိတ်ဝတ်စုံတွေ ဖန်တီးပေးခဲ့ပါ တယ်။ သူချုပ်ပေးရသူတွေထဲမှာ အမေရိကန်အနုပညာရှင် Stephen Sprouse၊ ဂျပန်ပန်းချီဆရာ Takashi Murakami၊ အမေရိကန် ပန်းချီနဲ့ဓာတ်ပုံဆရာ Richard Prince၊ အမေရိကန် ရပ်(ပ်)တေးသံရှင် Kanye West တို့လဲ အပါအဝင်ပေါ့။

            မာ့ခ်ဂျေကပ်စ်ဟာ ဒုတိယဝတ်စုံလိုင်းတစ်ခုဖြစ်တဲ့ Marc by Marc Jacobs ကို (၂၀၀၁) နွေဦးမှာ စတင်ခဲ့ပါတယ်။ Look မော်ဒယ်အေဂျင်စီက Marc by Marc Jacobs ကိုသဘောကျလို့ ဂျပန်နိုင်ငံအတွင်း လက်လီရောင်းချခွင့်လိုင်စင် ဝယ်ခဲ့ပါတယ်။ (၂၀၀၆)မှာ မာ့ခ်ဂျေကပ်စ်ရဲ့ Body-Spalsh ရေမွှေးကို Coty အလှကုန်ကတစ်ဆင့် ထုတ်လုပ်ပါတယ်။ ရေမွှေးပုလင်းဆိုပေမဲ့ ဆယ်အောင်စဆံ့တဲ့ ဘူးကြီးတွေပါ။ အစပိုင်းက ရေမွှေးဆိုင်တွေမှာ ရောင်းတဲ့အနေအထားပေမဲ့ နှစ်အနည်းငယ်အတွင်း ပိုပြီးအောင်မြင် ရေပန်းစားလာခဲ့တယ်။

(၂၀၁၆) အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများအဖွဲ့၏ဆုပေး၌

ကိုယ်ရေးကိုယ်တာဘဝ

            (၂၀၀၇)ခုနှစ်မှာ ရုပ်ရှင်ဖန်တီးသူ Loïc Prigent က မာ့ခ်ဂျေကပ်စ်အကြောင်းမှတ်တမ်းတင် ရုပ်ရှင် Marc Jacobs and Louis Vuitton ကိုဖန်တီးခဲ့တယ်။ ဝမ်းသာစရာပေါ့ဗျာ။ ဒါပေမဲ့ တစ်ဆက်တည်းမှာပဲ လောကဓံသဘာဝ အဆိုးလဲခံခဲ့ရပါတယ်။ (၂၀၀၈)ဖေဖော်ဝါရီမှာ မာ့ခ်ဂျေကပ်စ်ဟာ ဆွီဒင်ဒီဇိုင်နာ Gösta Olofsson ရဲ့(၁၉၅၀)ခုနှစ်များက ပုဝါဒီဇိုင်းကို ခိုးချပါတယ်လို့ စွပ်စွဲခံရပါရော။ ဘယ်သူကအမှန်လဲ၊ ဘယ်သူက အမှားလဲတော့ ကျွန်တော်မသိပါဘူး။ ဒီကိစ္စကိုပြေလည်ဖို့ မာ့ခ်ဂျေကပ်စ်က Gösta Olofsson ရဲ့သားကို လျော်ကြေးငွေပေး လိုက်ရတယ်။

            (၂၀၀၉)မှာ မာ့ခ်ဂျေကပ်စ်တစ်ယောက် ထူးထူးခြားခြားရည်ရွယ်ချက်နဲ့ ရှပ်အင်္ကျီထုတ်ဖူးတယ်။ တကယ်တော့ မာ့ခ်ဂျေကပ်စ်က လိင်တူချစ်သူတစ်ယောက်ပါ။ ဒါ့ကြောင့် လိင်တူချစ်သူများ တရားဝင် လက်ထပ်ခွင့်အတွက် ရှပ်အင်္ကျီထုတ်တာဖြစ်ပါတယ်။ တရားဥပဒေနဲ့ပတ်သက်ပြီး မာ့ခ်ဂျေးကော့ဘက်က တရားစွဲရတာလဲ ရှိဖူးပါတယ်။ (၂၀၁၀)ပြည့်နှစ်တုန်းက အမေရိကန်လူမျိုး ဆေးမင်ကြောင်ထိုးသူ Don Ed Hardy က သူ့ရဲ့လက်ကိုင်အိတ်ဒီဇိုင်းတစ်ခုကို တုပဖန်တီးဖူးလို့ပါ။   

မာ့ခ်ဂျေကပ်စ်နှင့် သူ့ချစ်သူ Charly DeFrancesco

ပရဟိတ

            မာ့ခ်ဂျေကပ်စ်က ပရဟိတလဲ တကယ်လုပ်သူဖြစ်ပါတယ်။ သူလုပ်တဲ့ မြစ်ပွားနာရောဂါ သုတေသန စီမံကိန်းက ထင်ရှားပါတယ်။ Protect The Skin You’re In လို့နာမည်ပေးထားတဲ့ ဒီစီမံကိန်းအတွက် တီရှပ် အင်္ကျီကို ကျော်ကြားသူတို့ရဲ့ကိုယ်လုံးတီးပုံများနဲ့ ကြော်ငြာထားပါတယ်။ ကိုယ်လုံးတီးဆိုပေမဲ့လဲ မလျော်တဲ့ နေရာတွေကိုတော့ ဖုံးထားတာပါ။

            ဒီတီရှပ်တွေရဲ့ ရည်ရွယ်ချက်ကတော့ Melanoma(မယ်လနိုးမာ)လို့ခေါ်တဲ့ ကုမရတဲ့ အရေပြား မြစ်ပွားနာနဲ့ ပတ်သက်ပြီး ပညာပေးချင်လို့ပါ။ တီရှပ်ရောင်းရငွေတွေကိုလဲ NYU Langone Medical Center ရဲ့ သုတေသနလုပ်ငန်းအတွက် လှူဒါန်းခြင်းဖြစ်ပါတယ်။ တီရှပ်ကြော်ငြာတဲ့ နာမည်ကျော်အမျိုးသမီးတချို့မှာ အမေရိကန်တေးသံရှင် Miley Cyrus၊ အမေရိကန်သရုပ်ဆောင် Eva Mendes၊ အမေရိကန် မော်ဒယ်နဲ့ သရုပ်ဆောင် Kate Upton၊ အင်္ဂလိပ် ဖက်ရှင်ဒီဇိုင်နာနဲ့မော်ဒယ် Victoria Beckham၊ ဂျာမန် မော်ဒယ်နဲ့ ရုပ်သံတင်ဆက်သူ Heidi Klum၊ အမေရိကန် သရုပ်ဆောင်နဲ့ထုတ်လုပ်သူ Hilary Swank နဲ့ ဗြိတိသျှ မော်ဒယ်နဲ့သရုပ်ဆောင်  Naomi Campbell တို့ဖြစ်ပါတယ်။

Diet Coke အချိုရည်၏ ဖန်တီးမှုဒါရိုက်တာအဖြစ်

အပ်နှင်းခံရသောဆုများ

            အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများအဖွဲ့၏ဆုများ -

·        Womenswear Designer of the Year      ၂၀၁၆

·        ဘဝတစ်သက်တာဒီဇိုင်နာဆု    ၂၀၁၁

·        Womenswear Designer of the Year    ၂၀၁၀

·        Accessory Designer of the Year    ၂၀၀၅   

·        Accessory Designer of the Year    ၂၀၀၃

·        Menswear Designer of the Year     ၂၀၀၂

·        Accessory Designer of the Year    ၁၉၉၉

·        Accessory Designer of the Year    ၁၉၉၈  

·        Womenswear Designer of the Year    ၁၉၉၇

·        Womenswear Designer of the Year    ၁၉၉၂

·        Womenswear Designer of the Year    ၁၉၉၁

လူဝီဗထွန်း (Louis Vuitton) ဖက်ရှင်ပွဲကို ကြီးကြပ်စဉ်

ဖက်ရှင်ချစ်သူများခင်ဗျား။ ဖန်တီးသူတို့ဆိုတာ ဖန်တီးစွန့်စားစိတ်ကို အခြေတည်ပြီးဖြစ်လာကြတာပါ။ မာ့ခ်ဂျေကပ်စ်ဟာလဲ ဒီနည်းအတိုင်းပါပဲ။ သူရဲ့ထူးခြားတဲ့အတွေးအမြင်တွေက သူ့အောင်မြင်မှုကို ဖြစ် လာစေခဲ့တယ်ပြောရမှာပါပဲ။ (၂၀၁၃)စာရင်းအရ မာ့ခ်ဂျေကပ်စ်ဖက်ရှင်တိုက်ပေါင်းဟာ ကမ္ဘာအနှံ့ (၂၈၅) ဆိုင်တောင်ရှိပါတယ်။ ကိုင်း … မာ့ခ်ဂျေကပ်စ်အကြောင်းကတော့ ဒီလောက်ပါပဲဗျာ။ လာမဲ့လမှာလဲ ကမ္ဘာကျော် ဒီဇိုင်နာတစ်ဦးအကြောင်း ဖော်ပြပေးပါဦးမယ်။ အားလုံးကို မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ဆက်လိုက်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း၊ ၂၀၁၈ မေ-ဇွန်

Comments