၈၅၊ ‘ခင်ဗျား၊ ကျုပ်၊ ရှင်၊ သင်’ ဆိုတာ ယဉ်ကျေးလွန်းတဲ့စကားလုံးတွေပါ။



          ရုပ်ရှင်တွေထဲမှာ လူကြီးကိုရိုင်းချင်ရင် ‘ခင်ဗျားကြီး’ လို့ခေါ်တယ်။ တချို့အညာမှာ မိဘဘိုးဘွားကို ‘ခင်ဗျား’ လို့ခေါ်တာနားထောင်ပြီး မိုက်ရိုင်းလိုက်တာလို့ မှတ်ချက်ပြုကြတယ်။ လူအချင်းချင်း အော်ချင်ရင် ‘ခင်ဗျား’ ကိုသုံးကြတယ်။ ဒါဆိုရင် ‘ခင်ဗျား’ ဆိုတာ ရိုင်းစိုင်းတဲ့စကားလုံးလား။

           လုံးဝမဟုတ်ပါဘူး။ မဟုတ်တဲ့အပြင် အတော်ကြီးယဉ်ကျေးတာပါ။ ဒါတင်မကဘူး။ လေးစားအပ်တဲ့ ကြီးမြတ်သူတွေကိုမှ ခေါ်တဲ့စကားလုံးပါ။ မန္တလေးသူတွေ ကိုယ့်ကိုယ်ကိုယ် ‘ကျွန်တော်’ လို့နာမ်စားသုံးတာလဲ မှန်ကန်ကြောင်းနဲ့ ‘ကျွန်တော်’ ဆိုတာ ကျား၊မ ကိုဖော်ပြတဲ့စကားလုံး မဟုတ်ကြောင်း ရှင်းခဲ့ပြီးပါပြီ။ အခုလဲ အလွဲတစ်ခု ထပ်ရှင်းရပါမယ်။

‘ခင်ဗျား’ ဆိုတာ

          ‘ခင်ဗျား’ ဆိုတာ ‘သခင်ဘုရား’ လို့ရှေးကခေါ်ရင်း ဝေါဟာရတိုလာခဲ့တာ ဖြစ်ပါတယ်။ မူလက ‘သခင်’ နဲ့ ‘ဘုရား’ ပေါင်းစပ်ထားတာပါ။ ‘သခင်ဘုရား’ ကနေ ‘ခင်ဘုရား’ ဖြစ်လာတယ်။ သာဓကအနေနဲ့ ကင်းဝန်မင်းကြီးမေတ္တာစာထဲမှာ ‘ခင်ဘုရား’ ပါတယ်။ ကာလကြာတော့ ‘ဘုရား’ က ‘ဗျား’ ဖြစ်လာတယ်။  တစ်လုံးတည်းထူးချင်ရင် ‘ဗျာ’ လို့ထူးလာကြတယ်။ ဒီတော့ ‘သခင်ဘုရား > ခင်ဘုရား > ခင်ဗျား > ဗျာ’ ဆိုပြီး ဆင်းသက်ခဲ့တာဖြစ်ပါတယ်။         

မှတ်သားဖို့က လူကို ‘သခင်ဘုရား’ လို့သုံးပြီး ဗုဒ္ဓနဲ့သံဃာကို ‘အရှင်ဘုရား’ လို့သုံးပါတယ်။ ‘သခင်’ နောက်မှာ မြင့်မြတ်သူမို့ ‘ဘုရား’ လို့တပ်တယ်။ ဒါ့ကြောင့် ‘အရှင်ဘုရား’ နဲ့ ‘သခင်ဘုရား’ ဝေါဟာရတို့ဟာ မြင့်မြတ်လွန်းပါတယ်။ ကျွန်တော့်အဘေး ကောလိယဦးမောင်မောင် ကိုဆိုရင် မိဘဘိုးဘွားတွေက ‘အဖေဘုရား’ လို့ပဲခေါ်ခဲ့ကြပါတယ်။

ဒါ့ကြောင့် ‘ခင်ဗျား’ ဆိုတဲ့စကားလုံးဟာ မရိုင်းတဲ့အပြင် အလွန်အမင်းကို ယဉ်ကျေးပါတယ်။ အသက်အရွယ်ကြီး လူကြီးသူမတချို့ ဒီနေ့ချိန်ထိ ‘ခင်ဗျား’ လို့သုံးကြဆဲဆိုတာ သတိပြုဖို့လိုပါတယ်

• ‘သင်’ ဆိုတာ

‘သခင်ဘုရား’ မှာပါတဲ့ ‘သခင်’ ဆိုတာ ပုဂံခတ်စကား ‘သ္ခိင် (သိခင်)’ ကနေလာတယ်။ ‘အရှင်၊ ပိုင်ရှင်’ ကိုပြောတာ။ ပုဂံခေတ်ကျောက်စာတွေမှာ သ္ခိင်စကုကြီတေ၊ သ္ခိင်ငမည်သင်၊ သိခင်ပင်လယ်၊ သိခင်ဗိုလ် စတဲ့ အမည်တွေရှိခဲ့ကြတယ်။ ‘သိခင်’ ကနေ ‘သခင်’ ဖြစ်လာတယ်။

ရာဇာကုမာရ်ကျောက်စာလိုမျိုး ပုဂံခေတ်ကျောက်စာတွေမှာ ‘သင်ဂြီ’ ဆိုတာ ‘သခင်ကြီး၊ သံဃာတော်ကြီး’ ကိုဆိုလိုတယ်။ ဒီတော့ ‘သ္ခိင် > သိခင် > သခင် > အသင် > သင်’ ဆိုပြီးဆင့်ကဲဖြစ်လာပါတယ်။ ဒီခေတ်ထိတော့ ‘သင်’ ကို ရိုင်းတယ်လို့ မထင်ကြသေးပါဘူး

‘ရှင်’ ဆိုတာ

             ‘သခင်’ ရဲ့အနက်က ‘အရှင်၊ ပိုင်ရှင်’ ဖြစ်ပါတယ်။ ဒါကြောင့် ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကို ‘အရှင်၊ ရှင်’ တပ်ခေါ်ကြတယ်။ တစ်ခါတလေ ‘အသျှင်’ လို့လဲရေးတတ်တယ်။ ဥပမာ - ဘုရားရှင်၊ အရှင်သူမြတ်၊ ရှင်ဘုရင်၊ ဘဝရှင်မင်းတရားကြီး စသဖြင့်ပေါ့။ နောက်ပိုင်းကျ အာဏာ၊ ဥစ္စာတို့ကို ပိုင်စိုးသူတွေ၊ တင်စားရမဲ့သူတွေကိုလဲ ‘ရှင်’ တပ်ခေါ်ကြတယ်။ ဥပမာ - အာဏာရှင်၊ မီးအိမ်ရှင်၊ ပဲ့ကိုင်ရှင်၊ မောင့်မူပိုင်ရှင် စတာတွေဖြစ်ပါတယ်။ ကြီးမြတ်သူတွေကို ‘အရှင်’ အဆုံးသတ်ပြီးခေါ်ကြရင်း ဒီနေ့ခေတ် အမျိုးသမီးတွေထူးတဲ့စကားမှာ ‘ရှင်’ တစ်လုံးတည်း ကျန်ခဲ့တာဖြစ်ပါတယ်။

• ‘ကျုပ်’ ဆိုတာ

ဘုရင့်ထံခစားသူ၊ အခိုင်းခံရသူကို ကျွန်လို့ခေါ်ပါတယ်။ ဒါ့ကြောင့် ဘုရင်များကို လျှောက်တင်တဲ့အခါ ‘ကျေးတော်မျိုး၊ ကျွန်တော်မျိုး’ လို့လျှောက်ကြရတယ်။ ဒီ ‘ကျွန်တော်’ ဆိုတာ မန္တလေးနန်းတော်ထိသုံးခဲ့တဲ့ စကားလုံးဖြစ်ပြီး မန္တလေးမှာ ကျားရောမပါ ပြောကြတယ်။ ဒါ့ကြောင့် ‘ကျွန်တော်’ ဆိုတာ ယောက်ျားသုံးစကား သတ်သတ်မဟုတ်ဘူး။ မိန်းကလေးတွေသုံးလဲ မှန်ပါတယ်။

မိမိကိုယ်ကိုယ် ‘သေးနုပ်တဲ့ကျွန်’ အဖြစ်ရည်ညွှန်းဖို့ ‘အကျွန်နုပ်’ လို့သုံးကြတယ်။ ဒါ့ကြောင့် ‘အကျွန်နုပ် > ကျွန်နုပ် > ကျွန်ုပ် > ကျုပ်’ လို့ဆင်းသက်လာခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတဲ့ စကားလုံးမို့ အများသမုတ်သလို တောသားတွေ၊ စရိုက်ဆန်သူတွေ ပြောတယ်ဆိုတာမဟုတ်ဘဲ ယဉ်ကျေး တော်ဝင်တဲ့စကားလုံး ဖြစ်ပါတယ်         

ကောလိယ ဝေယံမောင်မောင်
၂၃.၉.၂၀၂၅

Comments