မုန့်သည်အညာသူမကြီး မေးမြန်းခန်းတက်လာတယ်။ သူ့စကားတွေထဲမှာ ဒီနေ့ခေတ်မသုံးတော့တဲ့ ဝေါဟာရပါလာလို့ ကျွန်တော်ရှဲတာကို ဆွေးနွေးလှာကြတာ ဝမ်းသာကျေးဇူးတင်ပါတယ်။ ကျွန်တော်ပြောတဲ့ ဝေါဟာရက “ငန်း” ပါ။ Sunday Media+ မေးမြန်းခန်း(၃းဝ၄)မှာ “တောငန်းတွေက လုပ်လို့မရ” လို့ပြောတယ်။
ငန်းရဲ့အဓိပ္ပာယ်တွေ
၁၊ ဘဲငန်း၊ ငွေငန်း
(Swan, Goose)
၂၊ ငန်းစောင်း၊ ငန်းပုပ် စတဲ့မြွေတွေ
(Radiated
ratsnake, King cobra)
၃၊ ငန်းနီ၊ ငန်းပုပ်၊ လေငန်း စတဲ့ရောဂါတွေ
(Kind
of fever, Paralysis)
၄၊ ခမာ (ကမ္ဘောဒီးယား) လောကီအစီအရင်ရုပ်တုဖြစ်တဲ့ ငန်း
(သူက မြန်မာစာနဲ့မဆိုင်ပါဘူး။ အသံထွက်နီးတာပါ။ ခမာလို ងាំង သို့မဟုတ် ព្រះងាំង လို့ရေးပြီး အင်္ဂလိပ်လို
Ngop ဒါမှမဟုတ် Ngan လို့ရေးတယ်။)
ကျွန်တော်ဆိုလိုတဲ့ငန်း
အဲ့ငန်းတွေက ဒီနေ့ခေတ်မှာ
တွင်ကျယ်ဆဲပါ။ ကျွန်တော်ဆိုလိုတဲ့ငန်းက စကားတစ်လုံးတည်းဖြစ်ပြီး ရှေးမြန်မာခေတ်ကတည်းက
ရှိခဲ့တဲ့မူလငန်းပါ။ ‘လယ်၊ ယာ၊ မြေ၊ နေရာ’ (Paddy field, Land) ကိုဆိုလိုပါတယ်။ ရေသည်ပြဇာတ်မှာ
‘တာငန်း’ ကို ‘အကွာအဝေး၊ အတိုင်းအရှည်။’ လို့ ခက်ဆစ်ဖွင့်တာ မှတ်မိကြမယ်ထင်တယ်။ ‘င
၊ ငံ ၊ ငန်း ၊ ငမ်း’ ဘယ်လိုပဲရေးပါစေ အဓိပ္ပာယ်ကတော့ လယ်ယာမြေကိုဦးတည်တဲ့ ဝေါဟာရဖြစ်ပါတယ်။
လယ်ရှင်ယာရှင်တွေဟာ
မြေကြီးကို အပိုင်းလိုက် ပိုင်ဆိုင်ကြတယ်။ လုပ်ကွက်၊ စိုက်ကွက်ကို ‘ငန်း’ လို့ခေါ်တယ်။
အဲဒီငန်းတွေမှာ အလုပ်လုပ်တာ၊ လယ်ယာစိုက်တာကို ‘လုပ်ငန်း’ (Allotted work area) လို့ခေါ်ခဲ့ကြတယ်။
ကာလကြာတော့ လယ်ထဲကလုပ်ငန်းက စီအီးအိုအဆင့်ထိရောက်ပြီး စီးပွားရေးမှာပဲ လုပ်ငန်းလို့ခေါ်တော့တယ်။
အင်္ဂလိပ်လို (Occupation, Work, Business, Job) ဆိုတာတွေ ဖြစ်လာတာပေါ့။ မြို့မငြိမ်းခေတ်
လူချွန်လူကောင်းသီချင်းမှာတောင် “လုပ်ငန်းကိုကိုယ်စီဝင်” လို့ရေးလှာတယ်မဟုတ်လား။
မူရင်းက ‘ငမ်’ သို့မဟုတ် ‘ငံ’
ပုဂံခေတ်မှာတော့ ‘ငမ်’
ဒါမှမဟုတ် ‘ငံ’ လို့ မသတ်၊ သေးသေးတင် တို့နဲ့ပဲရေးခဲ့ကြတယ်။ ဥပမာ ဒီနေ့ခေတ် ငါန်းဇွန်မြို့ကို
ရှေးတုန်းက ငမ်စွန်၊ ငံစွန်လို့ရေးခဲ့ကြတယ်။ သာဓကအားဖြင့် မြန်မာသက္ကရာဇ် (၆၂၁)ထိုး၊
ပုဂံမြို့၊ မဟာသမန်းကျောင်းကျောက်စာမှာ “ငမ်စွန်အရပ်၌” လို့ထိုးထားတယ်။ (၆၃၆)ထိုး ဝိနည်းဓိုရ်ဘုရားအနီးကျောက်စာမှာလဲ
“ငံစွန်ရာတောင်” လို့ထိုးထားပါတယ်။ ဒါ့ပေမဲ့ ပါးစပ်ရာဇဝင်တွေက ဒီနေရာမှာရှိခဲ့တဲ့ ငန်းမြွေကြီးက
အလောင်းစည်သူမင်းလာစဉ် ဝပ်ပြီးသုံးကြိမ်တွန်လို့ ငန်းတွန်ကနေ ငါန်းဇွန် ဖြစ်လာတယ် ဆိုလေရဲ့။
မြန်မာစာပေပညာရှင်ကြီး
ဦးဖိုးလတ်ကတော့ ဒီဝေါဟာရကို ရှေးထုံးအတိုင်း မသတ်နဲ့‘ငမ်း’မှ မှန်ကြောင်း ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ ကာလရွေ့လျားပြီး ဒီနေ့ခေတ်ပြဋ္ဌာန်းချက်က ‘ငန်း’ ဖြစ်နေလို့ နသတ်နဲ့ပဲရေးရပါမယ်။ မသတ်နဲ့‘ငမ်း’တာကျ မက်မောတာ၊ မက်မောပြီးစိုက်ကြည့်တာ၊ ငမ်းငမ်းတက်တာလို့ အဓိပ္ပာယ်ရပါတယ်။
‘ငန်း’ ဝေါဟာရတွေ
လယ်ယာမြေကိုဆိုလိုတဲ့
တစ်လုံးတည်းသော ‘ငန်း’ ကတော့ ဒီနေ့ခေတ်မှာ မတွင်ကျယ်တော့ဘဲ ‘ငန်း’ နဲ့တွဲတဲ့ဝေါဟာရတွေကိုသာ
သုံးနေကြပါတော့တယ်။
ငန်းဖွဲ့၊ ငန်းချဲ့၊ ငန်းစောင်း၊ ငန်းစွယ်ပင်၊ ငန်းစွန်၊ ငန်းဆော်၊ ငန်းဆေး၊ ငန်းတာ၊ ငန်းတိုက်၊ ငန်းတော်ကျား၊ ငန်းနီကျော်၊ ငန်းပုပ်၊ ငန်းပြား၊ ငန်းပြားတူးရွင်း၊ ငန်းဖျား၊ ငန်းဖွဲ့၊ ငန်းမန်း၊ ငန်းမြေ၊ ငန်းရည်မန်းရည်၊ ငန်းဦး၊ ငန်းဦး၊ ငန်းထိပ်၊ ငန်းသန္နိပါတ်၊ တာငန်း၊ နွယ်ငန်းပင်၊ ဗျိုင်းငန်း၊ မြေငန်း၊ ယာငန်း၊ ရာငန်း၊ လေငန်း၊ လယ်ငန်း၊ လုပ်ငန်း စသဖြင့်။
ကောလိယ ဝေယံမောင်မောင်
၃၁.၁၀.၂၀၂၅
#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
Comments
Post a Comment