မြန်မာ့လက်ဖက် ကမ္ဘာ့အမွေအနှစ်ဝင်ရေး Myanma Laphet's Road to UNESCO

ကောလိယ ဝေယံမောင်မောင်

ဒီဆောင်းပါးမှာ
၁၊ ပြည်ပအစားအစာများ ယူနက်စကိုဝင်ရောက်မှု
၂၊ လက်ဖက်ယူနက်စကိုဝင်တော့ ဘာထူးတုန်း
၃၊ ယူနက်စကိုရဲ့ သတ်မှတ်ချက်(၅)ချက်
၄၊ လက်ဖက်က အဲ့အချက်တွေနဲ့ အကျုံးဝင်လား
၅၊ ယူနက်စကိုထံ ဘယ်လိုတင်သွင်းရသလဲ
၆၊ ယူနက်စကိုတင်သွင်းဖို့ ဘယ်အဆင့်ထိပြီးနေပြီလဲ
၇၊ ကျွန်တော်တို့ပြည်သူတွေ ဘာလုပ်ပေးလို့ရလဲ
စတာတွေ ဖော်ပြထားပါတယ်။



ယူနက်စကိုရဲ့ အသိအမှတ်ပြုမှုတွေထဲမှာ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Cultural Heritage)နဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage) ဆိုတာထင်ရှားပါတယ်။ မြန်မာမှာဆိုရင် ပျူမြို့ဟောင်းနဲ့ ပုဂံမြို့ဟောင်းဟာ ဒြပ်ရှိယဉ်ကျေးမှုစာရင်းဝင်ခဲ့ပြီး သင်္ကြန်ကတော့ ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ပါတယ်။

သနပ်ခါးဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် (၂၀၂၀)ပြည့်နှစ်၊ မတ်လ(၃၁)ရက်မှာ ယူနက်စကို တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်စတဲ့အခြေအနေအရပ်ရပ်ကြောင့် (၂၀၂၆)ထဲမှာမှ စာရင်းဝင်နိုင် မယ်ကြားတယ်လို့ ဆိုပါတယ်။

အခုထပ်တင်သွင်းဖို့လုပ်နေတာတော့ လက်ဖက်ဓလေ့ဖြစ်ပါတယ်။ ဘာလို့ပါလဲ။ တစ်ကမ္ဘာလုံး လက်ဖက်ရည် သောက်ကြပါတယ်။ ဒါပေမဲ့ လက်ဖက်ရွက်ကို သမိုင်းတစ်လျှောက်စားသုံးတာ မြန်မာနိုင်ငံပဲရှိပါတယ်။ ဒါ့ပြင် လက်ဖက်ဟာ အစားအသောက်တင်မကဘဲ သမိုင်း၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသဖြင့် အရာရာဖြစ်နေလို့ပါ။

လက်ဖက်တင်မကပါဘူး။ မြန်မာ့ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုမှတ်ပုံတင် ပထမအကြိမ်စာရင်းမှာတင် အမျိုးအစား(၂၂၈၉)ခုထိ သတ်မှတ်ထားတာမို့ နောက်နောင် ယူနက်စကိုထိတင်သွင်းစရာတွေ အများကြီးရှိနေပါသေးတယ်။


⸙ နိုင်ငံခြားစားသောက်ယဉ်ကျေးမှုတွေ
ဒြပ်ရှိယဉ်ကျေးမှုစာရင်းဝင်ကုန်ပြီ

တရုတ် - လက်ဖက်ခြောက်
အီတလီ - ပီဇာ
တောင်/မြောက် ကိုရီးယား - ကင်ချီ
အာရပ် - အာရပ်ကော်ဖီ
ဂျပန် - ဟင်းတွဲစပ်အပြင်အဆင်
စင်္ကာပူ - လမ်းဘေးဈေးသည်ယဉ်ကျေးမှု
အင်ဒိုနီးရှား - ဂျမူဆေးဘက်ဝင်ဖျော်ရည်

စတာတွေက ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ခဲ့ကြပါပြီ။ ဒြပ်မဲ့ယဉ်ကျေးမှုဆိုလို့ အစားအသောက်ဆိုတဲ့ဒြပ်ထုကို ဆိုလိုတာမဟုတ်ဘဲ စားသောက်ခြင်းနဲ့ဆက်စပ်တဲ့ ယဉ်ကျေးမှုကို ဆိုလိုတာဖြစ်ပါတယ်။ ယိုးဒယားဆိုရင် တုံယမ်းဟင်းရည်ယဉ်ကျေးမှုကို စာရင်းတင်သွင်းထားပါပြီ။


⸙ လက်ဖက်ယူနက်စကိုဝင်တော့ ဘာထူးတုန်း

မြန်မာ့လက်ဖက် ယဉ်ကျေးမှုစာရင်းဝင်သွားရင် ဒီလိုအကျိုးကျေးဇူးတွေ ရပါမယ်။

• နိုင်ငံတကာအသိအမှတ်ပြုမှု (Branding)

ကမ္ဘာပေါ်မှာ လက်ဖက်စိုစားတဲ့ တစ်ခုတည်းသောနိုင်ငံအဖြစ် မြန်မာကတရားဝင်မှတ်တမ်းဝင် သွားပါမယ်။ “Myanma Lahpet” ဟာ ကမ္ဘာ့အမှတ်တံဆိပ် (Global Brand) ဖြစ်လာနိုင်ပါတယ်။

• ယဉ်ကျေးမှုထိန်းသိမ်းရေး အထောက်အပံ့

လက်ဖက်စိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးရိုးရာနည်းပညာတွေ ထိန်းသိမ်းရာမှာ ယူနက်စကိုရဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အပံ့တချို့ ရနိုင်ပါတယ်။

• စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း

ကမ္ဘာလှည့်ခရီးသည်တွေဟာ ယူနက်စကိုအသိအမှတ်ပြု ယဉ်ကျေးမှုတွေကို စိတ်ဝင်စားကြတာမို့ လက်ဖက်စိုက်ဒေသတွေရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်ပါတယ်။

• ပို့ကုန်တိုးမြှင့်ခြင်း

နိုင်ငံတကာအစားအသောက် ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများနဲ့အညီ ထုတ်လုပ်ရင် နိုင်ငံတကာ ဈေးကွက်ထဲ လက်ဖက်စိုတင်ပို့မှု ပိုမိုအားကောင်းလာနိုင်တယ်။

• နိုင်ငံ့ဂုဏ်
မြန်မာလူမျိုးတို့ရဲ့ရိုးရာဓလေ့ကို ကမ္ဘာကတန်ဖိုးထားလာမှာမို့ နိုင်ငံနဲ့လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်လာပါမယ်။


⸙ ယူနက်စကိုရဲ့ သတ်မှတ်ချက်(၅)ချက်

ယူနက်စကိုမှာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ ဒြပ်မဲ့ယဉ်ကျေးမှုသဘောတူစာချုပ် (၂၀၀၃)အရ အောက်ပါ(၅)ချက်နဲ့ ကိုက်ညီရပါမယ်။

၁၊ ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်တည်ခြင်း
Definition of Intangible Cultural Heritage

တင်သွင်းမဲ့အရာဟာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ကိုက်ညီရပါမယ်။ (မျိုးဆက်တစ်ခုကတစ်ခုကို လက်ဆင့်ကမ်းတာ၊ လူမှုအသိုင်းအဝိုင်းက တန်ဖိုးထားတာ၊ သဘာဝတရား/သမိုင်းနဲ့ ဆက်နွှယ်နေတာ)

၂၊ မြင်သာထင်ရှားမှုနဲ့ ယဉ်ကျေးမှုဖလှယ်နိုင်စွမ်း
Visibility and Awareness

စာရင်းသွင်းလိုက်ရင် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းကို ကမ္ဘာကပိုသိလာစေရမယ်။ လူသားချင်းစာနာမှုနဲ့ ဆက်ဆံရေးကို ပိုကောင်းလာစေရမယ်။

၃၊ ထိန်းသိမ်းစောင့်ရှောက်မဲ့အစီအမံတွေ
Safeguarding Measures

လက်ရှိ ဘယ်လိုထိန်းသိမ်းနေသလဲ။ နောင် ပျောက်ကွယ်မသွားအောင် အစိုးရနဲ့ ပြည်သူက ဘယ်လိုအစီအစဉ်တွေဆွဲထားသလဲ ခိုင်မာစွာတင်ပြနိုင်ရမယ်။

၄၊ လူထုပါဝင်မှုနဲ့ သဘောတူညီချက်
Community Participation and Consent

သက်ဆိုင်ရာအသိုင်းအဝိုင်း (လက်ဖက်စိုက်တောင်သူများ၊ ထုတ်လုပ်သူများ၊ စားသုံးသူများ)က လိုလိုလားလား သဘောတူညီကြောင်း အထောက်အထား (Consent letters) ပြနိုင်ရမယ်။

၅၊ နိုင်ငံ့အမွေအနှစ်စာရင်းမှာပါဝင်ခြင်း
Inclusion in National Inventory

တင်သွင်းမဲ့အရာဟာ မိမိနိုင်ငံရဲ့ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု မှတ်ပုံတင်စာရင်း (National Inventory) မှာပါဝင်ပြီးဖြစ်ရမယ်။



⸙ လက်ဖက်က အဲ့အချက်တွေနဲ့ အကျုံးဝင်လား

ပြည့်ပြည့်လွန်လွန်ကြီးကို အကျုံးဝင်နေပါတယ်။

၁၊ ဒြပ်မဲ့ယဉ်ကျေးမှု ဖြစ်တည်ခြင်း

ဓလေ့ထုံးတမ်း -
မြန်မာ့လက်ဖက်ဟာ ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက အမှုအခင်းတွေဖြေရှင်းအပြီး ကျေအေးခြင်း (Peace Offering) ဓလေ့ကနေ ဒီနေ့ခေတ် ပွဲလမ်းတွေ၊ ဧည့်ခံခြင်းတွေအထိ လူမှုဘဝထဲမှာ နက်ရှိုင်းစွာစီးဆင်းနေပါတယ်။

လက်ဆင့်ကမ်းမှု -
လက်ဖက်စိုက်ပျိုးခြင်းနဲ့ ထုတ်လုပ်မှုနည်းပညာတွေကို မျိုးဆက်တစ်ခုကနေတစ်ခု လက်ဆင့်ကမ်း သင်ကြားပေးခဲ့ကြပါတယ်။

နေ့စဉ်ဘဝ -
အိပ်ရာထချိန်မှစပြီး လက်ဖက်ရည်ဆိုင်ထိုင်တာ၊ ရေနွေးကြမ်းနဲ့လက်ဖက်သုပ် ဧည့်ခံတာတို့ဟာ မြန်မာတို့ရဲ့လူမှုရေးကျင့်ဝတ် (Social Practice) တစ်ခုဖြစ်နေပါတယ်။

၂၊ မြင်သာထင်ရှားမှုနဲ့ ယဉ်ကျေးမှုဖလှယ်နိုင်စွမ်း

ထူးခြားမှု -
ကမ္ဘာမှာ လက်ဖက်ကိုသောက်ကြပေမဲ့ မြန်မာပဲစားပါတယ်။ ဒီထူးခြားချက်က ကမ္ဘာ့ယဉ်ကျေးမှု မတူကွဲပြားခြင်း (Cultural Diversity) ကို ပိုမိုကြွယ်ဝစေပါတယ်။

ဆွေးနွေးဖလှယ်မှု -
လက်ဖက်ရည်ဝိုင်းဟာ မြန်မာတို့ရဲ့ သတင်းအချက်အလက်ဖလှယ်ရာ၊ နိုင်ငံရေးနဲ့ လူမှုရေးဆွေးနွေးရာ (Social Hub)တစ်ခုဖြစ်လို့ လူသားချင်းစာနာမှုနဲ့ ဆက်ဆံရေးကို မြှင့်တင်ပေးနိုင်တဲ့ သင်္ကေတတစ်ခု ဖြစ်လာမှာပါ။

၃၊ ထိန်းသိမ်းစောင့်ရှောက်မဲ့အစီအမံတွေ

လက်ရှိဆောင်ရွက်ချက် -
မြန်မာနိုင်ငံလက်ဖက်အသင်း (Myanmar Tea Association)နဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လက်ဖက်စိုက်ပျိုးသူတွေကို နည်းပညာပေးတာ၊ ဈေးကွက်ရှာဖွေပေးတာတွေ လုပ်နေပါတယ်။

အနာဂတ်စီမံချက် -
လက်ဖက်ပွဲတော်တွေ(Tea Festivals) ကျင်းပတာ၊ လက်ဖက်စိုက်ဒေသတွေကို ခရီးသွား ဆွဲဆောင်ရာနေရာတွေအဖြစ် သတ်မှတ်တာနဲ့ မျိုးဆက်သစ်တွေကို လက်ဖက်ပြုပြင်နည်း သင်တန်းပေးမဲ့ အစီအစဉ်တွေရှိနေပါတယ်။

၄၊ လူထုပါဝင်မှုနဲ့ သဘောတူညီချက်

လက်ဖက်စိုက်ပျိုးထုတ်လုပ်သူတွေ၊ လက်ဖက်လုပ်ငန်းရှင်တွေ၊ တိုင်းရင်းသားတွေနဲ့ ယဉ်ကျေးမှုပညာရှင်တွေက စာရင်းတင်သွင်းမှုကို တက်တက်ကြွကြွ ထောက်ခံကြကြောင်းနဲ့ ယူနက်စကိုတင်ဖို့ သဘောတူညီမှု လက်မှတ်တွေ (Consent Letters) နဲ့ ရုပ်သံမှတ်တမ်းတွေကို ထည့်သွင်းထားပြီးဖြစ်ကြောင်း သိရပါတယ်။

၅၊ နိုင်ငံ့အမွေအနှစ်စာရင်းမှာပါဝင်တာ

လက်ဖက်ယဉ်ကျေးမှုဟာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ “အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း” မှတ်တမ်းဝင် ဖြစ်နေပါတယ်။


⸙ ယူနက်စကိုထံ ဘယ်လိုတင်သွင်းရသလဲ

ယေဘုယျအားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုကို ယူနက်စကိုထံတင်သွင်းရင်လဲ အဆင့်(၅)ဆင့်မဖြစ်မနေ ဖြတ်သန်းရပါတယ်။

၁၊ ပြည်တွင်းမှတ်ပုံတင်တာ (National Inventory) -
နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းမှာ ပါဝင်ပြီးဖြစ်ရမယ်။

၂၊ အဆိုပြုလွှာပြုစုတာ (Nomination Dossier Preparation) -
ယူနက်စကိုကသတ်မှတ်ထားတဲ့ လျှောက်လွှာမှာ အချက်အလက်တွေ ပြည့်စုံစွာရေးသားရမယ်။

၃၊ အသိုင်းအဝိုင်းသဘောတူညီချက် (Community Consent) -
သက်ဆိုင်ရာအသိုင်းအဝိုင်း (လက်ဖက်စိုက် တောင်သူတွေ၊ လုပ်ငန်းရှင်တွေ၊ စားသုံးသူတွေ) ရဲ့ သဘောတူညီချက် လက်မှတ်တွေရယူရမယ်။

၄၊ တင်သွင်းတာ (Submission) -
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာရှိတဲ့ ယူနက်စကိုဌာနချုပ်ကို နှစ်စဉ် မတ်လ(၃၁)ရက် နောက်ဆုံးထားပေးပို့ရမယ်။

၅၊ စိစစ်ခြင်းတာနဲ့ဆုံးဖြတ်တာ (Evaluation & Decision) –
(၁)နှစ်ခွဲကနေ(၂)နှစ်ခန့် ကြာမြင့်တတ်တဲ့ စိစစ်ရေးကာလကို ဖြတ်သန်းရမယ်။


⸙ ယူနက်စကိုတင်သွင်းဖို့ ဘယ်အဆင့်ထိ ပြီးနေပြီလဲ

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်ရဲ့ ပြောကြားချက်အရ တင်သွင်းဖို့(၈၀)ရာခိုင်နှုန်းလောက် ပြီးနေပြီလို့သိရပါတယ်။ ဒါ့ကြောင့် ယူနက်စကိုရလဒ်ထွက်တဲ့ အထိတွက်ချက်ရင် လက်ရှိအခြေအနေဟာ အဆင့်(၁)ပြီးဆုံးပြီး၊ အဆင့်(၂)နဲ့(၃)ကို လုပ်ဆောင်နေတယ်လို့ ခန့်မှန်းရပါတယ်။ ဘာ့ကြောင့်လဲဆိုတာ ကြည့်ရအောင်။

၁၊ ပြည်တွင်းမှတ်ပုံတင်တာ -
မြန်မာ့လက်ဖက်ယဉ်ကျေးမှုဟာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ “မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း”မှာ တရားဝင်ပါဝင်ပြီးသားမို့ ပထမဆုံးခြေလှမ်း အောင်မြင်စွာကျော်ဖြတ်ပြီး ဖြစ်ပါတယ်။

၂၊ အဆိုပြုလွှာပြုစုတာ -
သမိုင်းအချက်အလက်တွေ၊ လက်ဖက်အသင်းရဲ့ အခြေခံအချက်အလက်တွေကို စုဆောင်းပြီးဖြစ်မှာပါ။ ယူနက်စကိုက သတ်မှတ်ထားတဲ့လျှောက်လွှာ ICH-01 ပုံစံအတိုင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြုစုခြင်းရယ်၊ (၁၀)မိနစ်ဗီဒီယိုမှတ်တမ်းနဲ့ ဓာတ်ပုံမှတ်တမ်းတွေပြုစုတာတော့ လုပ်ဆောင်နေဆဲလို့ ပြောရမှာပါ။

၃၊ အသိုင်းအဝိုင်းသဘောတူညီချက် -
မြန်မာနိုင်ငံလက်ဖက်အသင်းနဲ့ ဒေသခံလုပ်ငန်းရှင်တချို့ရဲ့ သဘောတူညီမှုရပြီးပြီလို့ သိရပါတယ်။ ယူနက်စကိုက “Free, Prior and Informed Consent” ကို လိုလားပါတယ်။ ဆိုလိုတာက လက်ဖက်စိုက်သူ၊ ရောင်းသူ၊ စားသူတွေကပါ “ငါတို့ယဉ်ကျေးမှုကို ကမ္ဘာသိအောင်တင်ပြချင်တယ်” လို့ လက်မှတ်ထိုးတာတို့၊ ဗီဒီယိုနဲ့ထောက်ခံတာတို့လို အထောက်အထားတွေကို အဆင့်(၂)နဲ့အတူ တွဲဖက်လုပ်ဆောင်နေဆဲလို့ ယူဆပါတယ်။

၄၊ တင်သွင်းတာ -
ဒါတော့ မလုပ်ရသေးပါဘူး။ အဆင့်(၂)နဲ့(၃)ပြီးမှပဲ ပြင်သစ်နိုင်ငံ ယူနက်စကိုဌာနချုပ်ထံ ပို့ရမှာပါ။ ပုံမှန်အားဖြင့် နှစ်စဉ်မတ်လ(၃၁)ရက် နောက်ဆုံးထား တင်သွင်းရလေ့ရှိပါတယ်။

၅၊ စိစစ်ခြင်းနဲ့ဆုံးဖြတ်ခြင်း - နောက်မှသိရမှာပါ။ ပုံသေနည်းနဲ့တွက်ရင် ယူနက်စကို Evaluation Body ရဲ့ စိစစ်ရေးကာလဟာ (၂၀၂၆)ဧပြီကနေ(၂၀၂၇)ဇွန်အထိရှိနိုင်လို့ အစောဆုံးဆိုရင်(၂၀၂၇)ဒီဇင်ဘာ နှစ်ပတ်လည် အစည်းအဝေးမှာမှ အတည်ပြုတာ၊ ပယ်ချတာလုပ်မှာပါ။ သနပ်ခါးဆိုရင် (၂၀၂၀)ပြည့်နှစ်၊ မတ်လ(၃၁)ရက် ကတည်းကတင်သွင်းခဲ့ပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် ဒီ(၂၀၂၆)မှာမှ စာရင်းဝင်နိုင်မယ်လို့ ကြားရပါတယ်။

⸙ ယူနက်စကိုဝင်ဖို့
ကျွန်တော်တို့ပြည်သူတွေ ဘာလုပ်ပေးလို့ရသလဲ


စာရွက်စာတမ်းလုပ်ငန်းစဉ်ကို အစိုးရနဲ့ပညာရှင်တွေပဲ လုပ်ကြမှာပေမဲ့၊ အဲ့ထဲမှာထည့်သွင်းရမဲ့ “လက်ဖက်ယဉ်ကျေးမှု အမှန်တကယ်ရှင်သန်နေကြောင်း” သက်သေပြရမှာကတော့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ပြည်သူတွေ လုပ်ဆောင်ရန်(၅)ချက်ကို အကျိုးသွားနဲ့တွဲပြီး ဖော်ပြပေးပါရစေ။

၁၊ လူမှုကွန်ရက်မှာပိုတင်ပါ
Digital Awareness

တင်သွင်းလာတဲ့ အမွေအနှစ်အပေါ် ပြည်သူတွေက ဘယ်လောက် တန်ဖိုးထားသလဲဆိုတာ ယူနက်စကို စိစစ်ရေးအဖွဲ့ဟာ လူမှုကွန်ရက်တွေမှာပါ လေ့လာတတ်ကြပါတယ်။

လုပ်ဆောင်ရန် -
ဖေ့စ်ဘုတ်၊ ယူကျု၊ အင်စတာဂရမ်၊ ထစ်ထော့၊ အိတ်စ် (ယခင်ထွစ်ထာ) စတဲ့ လှုမှုကွန်ရက်တွေမှာ မြန်မာ့လက်ဖက်နဲ့ပတ်သက်တာတွေကို ဒီလိုဟတ်စ်တက်ချ်တွေနဲ့ ပုံမှန်တင်ပေးပါ။
#မြန်မာ့လက်ဖက် #MyanmaLaphetToUNESCO #LaphetToUNESCO #MyanmaPickledTeaLeaves #PickledTeaLeaves #MyanmarTeaCulture #IntangibleCulturalHeritage #UNESCO

အကျိုးသွား -
နိုင်ငံတကာက ဒီအကြောင်းအရာကို စိတ်ဝင်စားလာအောင် (Global Visibility) ဖန်တီးရာမှာ ပြည်သူ့အသံက အထိရောက်ဆုံးဖြစ်ပါတယ်။

၂၊ သန့်ရှင်းမှုနဲ့ဘေးကင်းမှု ထိန်းသိမ်းပါ
Safe & Clean

ဒြပ်မဲ့ယဉ်ကျေးမှုဆိုပေမဲ့ “စားသောက်ကုန်” ဖြစ်လို့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးမှာ သန့်ရှင်းမှုနဲ့ စနစ်ကျမှုအရေးကြီးပါတယ်။

လုပ်ဆောင်ရန် -
လက်ဖက်လုပ်ငန်းရှင်ဖြစ်ရင် ဆိုးဆေးလွတ်၊ သန့်ရှင်း၊ စနစ်မှန်၊ စံမီစွာ သဘာဝအတိုင်း ထုတ်လုပ်ပါ။ စားသုံးသူဖြစ်ရင်လဲ ဆိုးဆေးမပါ၊ သန့်ရှင်း၊ စစ်မှန်တဲ့ လက်ဖက်ကိုပဲ ဦးစားပေးဝယ်ယူပါ။

အကျိုးသွား -
“မြန်မာ့လက်ဖက်ဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးကင်းပါတယ်” ဆိုတဲ့ပုံရိပ်က ကမ္ဘာ့အမွေအနှစ်ဝင်ဖို့အတွက် အားကောင်းတဲ့ထောက်ခံချက် ဖြစ်စေပါတယ်။

၃၊ ဓလေ့ကိုလက်ဆင့်ကမ်းပါ
Living Heritage

ယူနက်စကိုဟာ အမွေအနှစ်တစ်ခုကို သတ်မှတ်တဲ့အခါ “ပျောက်ကွယ်လုနီးပါးလား” ဒါမှမဟုတ် “ရှင်သန်နေဆဲလား” ဆိုတာကိုကြည့်ပါတယ်။

လုပ်ဆောင်ရန် -
အလှူ၊ မင်္ဂလာဆောင်နဲ့ ပွဲလမ်းအမျိုးမျိုးမှာ လက်ဖက်နဲ့ဧည့်ခံတဲ့ဓလေ့ကို ဆက်လက် ထိန်းသိမ်းပါ။ ကျွန်တော်ဆိုရင် အခမ်းအနားမှူးလုပ်တဲ့တစ်လျှောက် မင်္ဂလာဆောင်မှာ ဘိသိက်မြှောက်ရင် လက်ဆုံစားထိမ်းမြားခြင်းမြောက်အောင် လက်ဖက်စားတာကို ထည့်သွင်းပေးလေ့ရှိပါတယ်။ အထူးသဖြင့် မျိူးဆက်သစ်တွေကို လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုနဲ့ လက်ဖက်သုပ်ရဲ့တန်ဖိုးကို လက်ဆင့်ကမ်းပါ။

အကျိုးသွား -
မျိုးဆက်သစ်တွေက လက်ဖက်ယဉ်ကျေးမှုကိုဆုပ်ကိုင်ထားသရွေ့ ယူနက်စကိုက ပိုအသိအမှတ်ပြုဖို့ လွယ်ပါတယ်။

၄၊ ပြန်လည်ဖော်ထုတ်ပါ
Information & Stories

လက်ဖက်နဲ့ပတ်သက်တဲ့ ပျောက်ကွယ်ပြီး၊ ပျောက်ကွယ်လုတွေကို ဖော်ထုတ်ပါ။ ပြန်လည်ဖန်တီးပါ။

လုပ်ဆောင်ရန် -
လက်ဖက်နဲ့ပတ်သက်တဲ့ ဒေသန္တရသုတ၊ ရှေးထုံး၊ စာပေ၊ ဇာတ်လမ်း၊ သမိုင်း၊ ရှေးသုတေသန စတာတွေကို ပြန်လည်ထုတ်ဖော်ပါ။ ပြီးရင် ရုပ်ရှင်၊ သီချင်း၊ ဗီဒီယို၊ စာပေ၊ ကဗျာ၊ ဆောင်းပါး၊ ကာတွန်း စတာတွေ ဖန်တီးမျှဝေပါ။ ကျွန်တော်ဆိုရင် လက်ဖက်မဂ္ဂဇင်းအတွက် လက်ဖက်သုတေသနဆောင်းပါး၊ လက်ဖက်သမိုင်းဆောင်းပါး၊ သမိုင်းအခြေပြု လက်ဖက်ဝတ္တုနဲ့ ရှေးဝေါဟာရနဲ့စပ်ထားတဲ့ လက်ဖက်ကဗျာမျိုး ရေးခဲ့ပါတယ်။ နောက်ထုတ်မဲ့ လက်ဖက်မဂ္ဂဇင်းအတွက်လဲ အယ်ဒီတာအဖြစ် ထုတ်ဝေပေးဖို့ သဘောတူညီထားပါတယ်။

အကျိုးသွား -
ဒါတွေဟာ အဆိုပြုလွှာရေးတဲ့အခါလိုအပ်တဲ့ “အသိုင်းအဝိုင်းရဲ့ပါဝင်မှု” (Community Participation) အတွက် အလွန်တန်ဖိုးရှိတဲ့အချက်အလက်တွေ ဖြစ်သွားပါတယ်။

၅၊ နိုင်ငံတကာခရီးသွားတွေကိုဧည့်ခံပါ
Hospitality

နိုင်ငံတကာခရီးသွားတွေ မြန်မာနိုင်ငံလာတဲ့အခါ လက်ဖက်ယဉ်ကျေးမှုကို အကောင်းဆုံး မိတ်ဆက်ပေးပါ။

လုပ်ဆောင်ရန် -
နိုင်ငံခြားသားဧည့်သည်တွေကို လက်ဖက်ရည်ဆိုင်ခေါ်သွားတာ၊ လက်ဖက်နဲ့ပတ်သက်တဲ့ အစားအသောက်အမျိုးမျိုး ကျွေးတာမျိုးတွေကတစ်ဆင့် သူတို့ရဲ့ ဘလော့တွေ၊ လူမှုကွန်ရက်တွေမှာ “မြန်မာ့လက်ဖက်” အကြောင်းအမြဲပါအောင် ပံ့ပိုးပေးပါ။

အကျိုးသွား -
နိုင်ငံတကာခရီးသွားတွေရဲ့ အသိအမှတ်ပြုမှုဟာ ယူနက်စကိုဝင်ဖို့ အားအကောင်းဆုံး သက်သေ (Testimonials) တွေ ဖြစ်လာမှာပဲဖြစ်ပါတော့တယ်။

မြန်မာ့လက်ဖက်ယဉ်ကျေးမှု
ကမ္ဘာ့အမွေအနှစ်ဝင်ရန် ရန်သန်လျက်

ကောလိယ ဝေယံမောင်မောင်
၁၀.၂.၂၀၂၆

#မြန်မာ့လက်ဖက်
#MyanmaLaphetToUNESCO
#LaphetToUNESCO
#MyanmaPickledTeaLeaves
#PickledTeaLeaves
#MyanmarTeaCulture
#IntangibleCulturalHeritage #UNESCO

Comments