‘ဝက်နံရိုးမီးတောက်’
လို့မြန်မာမှာ မှားခေါ်နေကြတဲ့ စားစရာရဲ့အမည်မှန်က ‘ဝက်နံရိုးမီးတောင်’ ဖြစ်ပါတယ်။
စားဖို့သာအဓိက မှားတာကိစ္စမရှိဘူးထင်နိုင်ပါတယ်။
ဘာ့ကြောင့် ‘ဝက်နံရိုးမီးတောင်’ လို့ခေါ်လဲ
အင်္ဂလိပ်လို Pork Ribs Volcano လို့ခေါ်လို့ မြန်မာလိုဝက်နံရိုးမီးတောင်လို့ ခေါ်တာပါ။ ယိုးဒယားလို Leng Saeb / Leng Zapp (เล้งแซ่บ) လို့ရေးပါတယ်။ ဝက်နံရိုးကို သံပရာ၊ ငရုတ်၊ ကြက်သွန်၊ နံနံ စတာတို့နဲ့စီမံပြီး မီးတောင်ပုံစံ ပြင်ပေးလို့ မီးတောင် (Volcano) လို့ခေါ်တာဖြစ်ပါတယ်။
မီးတောက်မတတ်စပ်လွန်းလို့ မီးတောက်ခေါ်တာ မဟုတ်ပါဘူး။
အစပ်ဆုံးယိုးဒယားစာတွေဖြစ်တဲ့ ကန်းတိုင်ပါ (Gaeng Tai Pla) ခေါ် ငါးအူစပ်ချက်၊ ကူဝါကလင်း
(Khua Kling) ခေါ် အသားခြောက်စပ်နဲ့ အီစန်သင်္ဘောသီးထောင်းတို့လိုလဲ မစပ်ပါဘူး။
ဝက်နံရိုးမီးတောင်အစ ဘယ်နိုင်ငံကလဲ
ဝက်နံရိုးမီးတောင်ဟာ
အထူးသဖြင့်တော့ ယိုးဒယားပြည် ရက်ချာဒါညဈေး (Ratchada) လိုနေရာ ကနေ ထွန်းကားခဲ့တယ်ဆိုပါတယ်။
ဒါပေမဲ့ မြစ်ဖျားခံရာ ဝက်နံရိုးဟင်းလျာဟာ တရုတ်တောင်ပိုင်းမှာ အရင် ထွန်းကားခဲ့ပါတယ်။
ဝက်နံရိုးမီးတောင်ရဲ့
ယိုးဒယားအခေါ် Laeg (เล้ง) ကိုက ယိုးဒယားစကားမဟုတ်ဘဲ တရုတ်ပြည် Teochew (ချောင်ကျိုး၊
တေကျူး၊ တောင်ချူး) ဘာသာစကား Leng-Gia (豬龍骨 သို့ 龍骨)ကနေ ဆင်းသက်လာတာပါ။ Leng ဆိုတာ နဂါးလိုမျိုး မြင့်မြတ်တဲ့တိရစ္ဆာန်ကိုရည်ညွှန်းပြီး
အစားအစာမှာဆိုရင်တော့ ကျောရိုးလို့အနက်ရပါသတတ်။ Gia ကတော့အရိုးပါ။ ဝက်ကျောရိုးက နဂါးကျောရိုးနဲ့ဆင်လို့
တင်စားခေါ်ဝေါ် ခဲ့ကြတာပါ။
ဝက်ဘုရင် တရုတ်ပြည်မှာ
ဝက်ရိုးကို အချိန်ကြာပြုတ်ခြင်းက ရှေးဟင်းချက်ပညာ (Ancient Culinary Art) ဆိုပါတယ်။
ဝက်နံရိုးဟင်းရည်ကို Lóng Gǔ Tāng လို့ခေါ်ပြီး Bak Kut Teh ဝက်နံရိုးဟင်းဆိုရင် ဖူကျန့်နဲ့
ကွမ်တုံးပြည်နယ်ရဲ့ ရှေးအစားအစာပါ။ ဝက်နံရိုးဟင်းတွေအခြေတည်ရာ တရုတ်တောင်ပိုင်းကို
ကျွန်တော် ရောက်စဉ်ကလဲ ဒီလိုအစားအစာတွေ စားခဲ့ရပါတယ်။
ဆင်းသက်မှုသမိုင်းကြောင်း
တရုတ်ကုန်သည်တွေက ယိုးဒယားကို အယုဒ္ဓယခေတ်မှာလဲဝင်တယ်။ ဘန်ကောက်ခေတ်ဦးဖြစ်တဲ့ (၁၈)ရာစုနှောင်းပိုင်းကနေ (၁၉)ရာစုအလယ်ဆို ပိုဝင်တယ်။ အဲ့ခေတ်ကို ရတနကောသိန္ဒြခေတ်လို့ ခေါ်တယ်။ တရုတ်တွေ (၁၉)ရာစုအစောပိုင်း အလုံးအရင်းဝင်ခဲ့ရာမှာ ဝက်ရိုးဆေးမြစ်ပြုတ် (Herbal Stew) ဟာ ယိုးဒယားက ငရုတ်သီး၊ သံပရာသီးတို့နဲ့ပေါင်းပြီး ဒီနေ့ခေတ် ဝက်နံရိုးမီးတောင် (Pork Ribs Volcano) ဖြစ်လာပါ တော့တယ်။ ဒါ့ကြောင့် ဝက်နံရိုးမီးတောင်ဟာ တရုတ်ကဆင်းတဲ့ ယိုးဒယားဟင်းလို့ ဆိုရပါလိမ့်မယ်။
ကောလိယ ဝေယံမောင်မောင်
၁၂.၃.၂၀၂၆
#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
Comments
Post a Comment