၈၈၊ ‘ပလုံ’ ကောက် (မှား)၊ ‘ပလုံး’ ကောက် (မှန်)



            အမှိုက်ကောက်တာကို ‘ပလုံ’ ကောက်တာလို့ မှားရေးကြပြောကြပါတယ်။ အမှန်က ‘ပလုံး’ ပါ။ ‘ပလုံ’ မဟုတ်ပါဘူး။ ပြည်သူမှားတာတော်သေးပေမဲ့ နာမည်ကျော်မီဒီယာကြီးတွေကပါ ‘ပလုံ’ လို့မှားရေးလာကြ တာကတော့ မဖြစ်သင့်ပါဘူး။


ပလုံး

            “တောင်းဆိုး၊ ပလုံးဆိုး ပစ်ရိုးထုံးစံရှိသည်။ သားဆိုး၊ သမီးဆိုး ပစ်ရိုးထုံးစံမရှိ” ဆိုတဲ့မိဘမေတ္တာဖွဲ့ ဆိုရိုးစကားကို ကြားဖူးကြပါလိမ့်မယ်။ ဒီဆိုရိုးမှာ ‘တောင်း’ ကတော့ရှင်းပါတယ်။ ခြင်းတောင်း၊ ဝါးတောင်း စတဲ့ ထည့်စရာမျိုးပါ။

ဒါပေမဲ့ ‘ပလုံး’ ကိုတော့ရှင်းပြဖို့လိုပါတယ်။ နာမည်မှာ ‘ပ’ နဲ့ ‘လ’ ပါတာချင်းတူပေမဲ့ အရွယ်အစားကွာသွားတဲ့ ပစ္စည်းတွေအကြောင်းပါ။

ပလုံး - ခြင်းတောင်းငယ်

ပလိုင်း -  ခြင်းတောင်ရှည်

ပလုပ် - နှီးဖာငယ်

            ဒါ့ကြောင့် ‘ပလုံး၊ ပလိုင်း၊ ပလုပ်’ စတာတွေဟာ အရွယ်အစားကွာပေမဲ့ ထည့်စရာပစ္စည်းတွေပဲ ဖြစ်ကြပါတယ်။ ရှေးခေတ်ကတော့ ဝါးနဲ့လုပ်ခဲ့ကြပြီး နှောင်းခေတ်များမှာတော့ ပြန်ရောင်းစားလို့ရတဲ့ ပလတ်စတစ်၊ သတ္တု စတဲ့ ကုန်ကြမ်းအမျိုးမျိုးနဲ့လုပ်လာကြပါတယ်။ ဒါ့ကြောင့် ပလုံးကောက်သူတွေ ပေါ်လာကြတော့တာပါပဲ။


စိတ်ဝင်စားစရာ အသံထွက်

            ‘ပလုံး’ နဲ့ဆက်စပ်ပြီးပြောရရင် မြန်မာစကားမှာ အသံထွက်တွေက စိတ်ဝင်စားစရာကောင်းတယ်။ နှစ်လုံးပြောပြော၊ တစ်လုံးတည်းပြောပြော အသံနီးစပ်ပြီး အဓိပ္ပာယ်တူတာတွေ အများကြီးပါ။ ဥပမာ

ပလုံး = ပုံး (ထည့်စရာ)

ပအုံးရည် = ပုန်းရည် (စားစရာ)

ခလောက် = ခေါက် (မွှေနှောက်၊ ဇွန်းနဲ့ခေါက်)

ကလော် = ကော် (လှန်ထုတ်)


‘ပလုံ’ ဆိုတာရောရှိလား

            မရှိပါဘူး။ ‘ဗလုံ’ ပဲရှိပါတယ်။ ဗလုံဆိုတာ ရေပွက်ငယ်။ ရေပူဖောင်းကိုပြောတာပါ။ ရေထဲကနေ လေပူဖောင်းလေတွေ စီရီထွက်နေတာကို ‘ဗလုံစီ’ တယ်လို့ခေါ်ပါတယ်။ ‘ဗလောင်ဆူ၊ ဗလောင်ဆန်’ တို့ကလဲ နီးနီးစပ်စပ် စကားလုံးတွေပါ။

အသံနီးစပ်တာ ဆက်စပ်ရရင် ပါးစပ်က ရှုပ်ရှုပ်ထွေးထွေး ပြောရင်ဖြစ်ဖြစ်၊ ပစ္စည်းတွေ ရှုပ်ယှက်ခတ်နေရင်ဖြစ်ဖြစ် ‘ဗလုံးဗထွေး’ လို့ပြောပါတယ်။

ဒါ့ကြောင့် ‘ဗလုံ’ နဲ့ ‘ဗလုံး’ ဟာ ‘ပလုပ် နဲ့ ပလုံး’ တို့လို နီးကပ်ဆက်နွှယ်နေကြတဲ့ ဝေါဟာရတွေဖြစ်ကြောင်း သိသာစေပါတယ်။

(‘ဗလုံစီ’ ဆိုတဲ့စကားလုံးကို တချို့က ‘ပလုံစီ’ လို့ထွက်တယ်။ ဒါ့ကြောင့် မြန်မာအဘိဓာန်မှာ ‘ပလုံ’ ကိုရှာရင် ‘ဗလုံ’ ကိုကြည့်ဖို့ပဲ ပြန်ညွှန်းပါလိမ့်မယ်။)

ကောလိယ ဝေယံမောင်မောင်
၂.၆.၂၀၂၆


Comments